ရွှေအလေးချိန် ပမာဏတူညီစွာရောင်းချနိုင်ရန် ၂၀၁၉ ဇန်နဝါရီလကစပြီး တစ်ကျပ်သား ၁၂၈ ရွေးဖြင့် တွက်ချက်မည်

mdn

မန္တလေး  ၉   စက်တင်ဘာ 

 

ရွှေအလေးချိန်ပမာဏတူညီစွာ ရောင်းချနိုင်ရန် မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၉ ခုနှစ်ကစပြီး ရွှေတစ်ကျပ်သား ၁၂၈ ရွေးဖြင့် တွက်ချက်ရောင်းချသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးတင်ထွန်းက ပြောသည်။

 

မြန်မာတစ်နိုင်ငံလုံးတွင် ရွှေအလေးချိန်ပမာဏတူညီမှုရှိစေရန် ညှိနှိုင်းဆွေးနွေးပွဲကို မန္တလေးမြို့ Wilson Hotel တွင် ယနေ့ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် ယခုလိုပြောကြားခဲ့ခြင်း ဖြစ်သည်။

 

 ‘ရွှေတစ်ကျပ်သားကို ၁၂၀ နဲ့ ၁၂၈ ရွေး ကွာဟမှုမှာ ရွေး ၁၂၀ ကနေ ၁၂၈ ရွေးပြောင်းဖို့ ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ပါတယ်။ ရွှေတစ်ပိသာမှာ ရန်ကုန်နဲ့ မန္တလေးက ၅ ရွေးကွာဟနေတယ်။ နစ်နာလို့လုပ်တာလားဆိုတော့မ ဟုတ်ပါဘူး။ တစ်နိုင်ငံလုံး အလေးချိန်ပမာဏတူမှသာလျှင် ရှေ့ဆက်ရမယ့် Export ၊ Inport ကိစ္စတွေမှာ အဆင်ပြေချောမွေ့မှာဖြစ်ပါတယ်’ဟု မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောသည်။

 

မြန်မာနိုင်ငံတွင် ရွှေအလေးချိန်ကို ရှေးယခင်က ရွေးကြီး၊ ရွေးလေးဟု သတ်မှတ်ခဲ့ပြီး ထိုစဉ်အချိန်ကတည်း အထက်မြန်မာပြည်တွင် တစ်ပဲကို ၇ ရွေးခွဲသတ်မှတ်ခဲ့သည်။ အခြားပြည်နယ်နှင့် တိုင်းများတွင် ရှစ်ရွေးနှင့်တွက်ချက်ရောင်းချခဲ့ကြောင်း သိရသည်။

 

 ‘အထက်မြန်မာပြည်က ၇ ရွေးခွဲဖြစ်နေတဲ့အတွက် တစ်ခြမ်းကွာဟမှုဖြစ်နေပါတယ်။ တစ်ခြမ်းကွာနေတဲ့အတွက် အထက်မြန်မာနိုင်ငံမှာ ရွှေတစ်ပိသာကို ရန်ကုန်-မန္တလေးဆိုရင် ၅ ရွေးအထိ ကွာဟနေပါတယ်’ဟု ဦးတင်ထွန်းကပြောသည်။ 

 

ရွှေအလေးချိန်ကွာဟမှုကြောင့် ရွှေလုပ်ငန်းရှင်များတွင် အခက်ခဲရှိနေကြောင်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ‘ ဆူးလေဘုရားမှာ ရွှေသွင်းတဲ့အခါ မန္တလေးကဝယ်တဲ့ရွှေသည် ၇ ရွေးခွဲနဲ့ဖြစ်ပါတယ်။ ရန်ကုန်က ၈ ရွေးနဲ့တွက်ပြီး ကွာနေတယ်ဆိုပြီး ဂေါပကအဖွဲ့က လျော်ပါဆိုပြီးပြောတာမျိုးတွေရှိတယ်’ဟုပြောသည်။

 

ယနေ့ဖြစ်ပေါ်နေသည့် ရွှေဈေးနှုန်းများအရ ရွှေအလေးချိန် ၅ ရွေးတွင် ငွေကျပ် လေးသောင်းခန့် ကွာဟနေကြောင်း သိရသည်။ ရွှေအလေးချိန် ၇ ရွေးဖြင့်တွက်ချက်သည့်ဒေသများမှာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကချင်ပြည်နယ် စသည့်ဒေသများ ဖြစ်သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစပြီး မြန်မာတစ်နိုင်ငံလုံးတွင် ၁၂၈ ရွေးဖြင့် ရွှေရောင်းဝယ်မှုပြုလုပ်မည်ဖြစ်သည်။

 

အိမို့မို့ခိုင်