ဘားအံ ဧပြီ ၈
ရေအရင်းအမြစ်စီမံခန့်ခွဲမှု အားကောင်းလာစေ ရေးနှင့် ရေအရင်းအမြစ်များကို ထိထိရောက်ရောက် အကျိုးရှိရှိ အသုံးချနိုင်စေရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဘားကပ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၊ တရုတ်လှလျှပ်စစ်မြစ်ရေတင်လုပ်ငန်းနှင့် မြစ်ရေတင် အကျိုးပြုဧရိယာများအတွင်း စိုက်ပျိုးထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ပြည်နယ်ဝန်ကြီးချုပ်သည် ဘားကပ်လျှပ်စစ် မြစ်ရေတင်လုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေ လုံလောက်စွာရရှိနိုင်ရေးနှင့် စိုက်ဧကများတိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် 37 KW Motor နှစ်စုံကို ဆိုလာစနစ် ပြောင်းလဲတပ်ဆင်တပ်ဆင်ရန်၊ ရေဝပ်ဧရိယာများတွင် ရေနုတ်မြောင်းများ တူးဖော်ပေးရန် လမ်းညွှန်မှာကြားကာ ရသေ့ပျံ၊ ဘားကပ်၊ တောကြီးကုန်း၊ ဆင်ကျုံးကျေးရွာတို့မှ ဒေသခံ တောင်သူ များနှင့်တွေ့ဆုံ၍ နှစ်သီးစားမှ သုံးသီးစားသို့ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သီးနှံပုံစံနှင့် မျိုးပြောင်းလဲ စိုက်ပျိုးနိုင်ရေး၊ နည်းပညာနှင့် အကူအညီများ ပေးအပ်နိုင်ရေး၊ စိုက်ပျိုးရေကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် 37 KW Motor လေးစုံဖြင့် သံလွင်မြစ်မှရေကို လျှပ်စစ် ဖြင့်စုပ်တင်၍ စိုက်ပျိုးရေပေးဝေနေမှုအခြေအနေ၊ ရသေ့ပျံကွင်း၊ ဘားကပ်အနောက်ကွင်းတို့တွင် ဘားကပ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ စိုက်ပျိုးရေကိုရယူ၍ နွေသီးနှံစိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တရုတ်လှ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းကို ကြည့်ရှု စစ်ဆေးပြီး တရုတ်လှ၊ ထောင်ဝိ၊ ရဲသာ (ကမော့ ကစင်)၊ နောင်ခလိုင်၊ ကော့ခမိတ်ကျေးရွာတို့မှ တောင်သူများနှင့်တွေ့ဆုံ၍ သီးထပ်၊ သီးညှပ်များဖြင့် နှစ်သီးစားမှ သုံးသီးစားထိ တိုးချဲ့စိုက်ပျိုးလုပ်ကိုင် နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)