ဘားအံ ဧပြီ ၈
ရေအရင်းအမြစ်စီမံခန့်ခွဲမှု အားကောင်းလာစေရေးနှင့် ရေအရင်းအမြစ်များကို ထိထိရောက်ရောက်အကျိုးရှိရှိ အသုံးချနိုင်စေရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ဧပြီ ၈ ရက် နံနက်ပိုင်းက ဘားကပ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၊ တရုတ်လှ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းနှင့် မြစ်ရေတင်အကျိုးပြုဧရိယာများအတွင်း စိုက်ပျိုးထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားကပ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာဦးက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေလုံလောက်စွာရရှိနိုင်ရေးနှင့် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် 37 KW Motor နှစ်စုံအား ဆိုလာစနစ်ပြောင်းလဲတပ်ဆင်တပ်ဆင်ရန်၊ ရေဝပ်ဧရိယာများတွင် ရေနုတ်မြောင်းများ တူးဖော်ပေးရန် လမ်းညွှန်မှာကြားကာ ရသေ့ပျံ၊ ဘားကပ်၊ တောကြီးကုန်း၊ ဆင်ကျုံးကျေးရွာများမှ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ နှစ်သီးစားမှ သုံးသီးစားသို့ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သီးနှံပုံစံနှင့် မျိုးပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ နည်းပညာနှင့် အကူအညီများပေးအပ်နိုင်ရေး၊ စိုက်ပျိုးရေကို အကျိုးရှိ ထိရောက်စွာအသုံးချနိုင်ရေး ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် 37 KW Motor လေးစုံဖြင့် သံလွင်မြစ်မှရေကို လျှပ်စစ်ဖြင့် စုပ်တင်၍ စိုက်ပျိုးရေ ပေးဝေနေမှုအခြေအနေ၊ ရသေ့ပျံကွင်း၊ ဘားကပ်အနောက်ကွင်းတို့တွင် ဘားကပ်လျှပ်စစ်မြစ် ရေတင်လုပ်ငန်းမှ စိုက်ပျိုးရေကိုရယူ၍ နွေသီးနှံစိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားကပ်ကျောင်းကြီးဆရာတော် ဘဒ္ဒန္တသုပါကဋအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား လျှောက်ထားတင်ပြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကာ ဘားကပ်လင်းနို့ဂူမှ လင်းနို့ချေးကို ရယူ၍ သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တရုတ်လှလျှပ်စစ်မြစ်ရေတင်လုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) ပြည်နယ်ဦးစီးမှူး ဦးကျော်စွာဦးက ဒေသခံတောင်သူများ၏ တောင်းဆိုမှုအရ မိုးစပါးအောင်ရေနှင့် နွေးသီးနှံ ရေပေးဝေနိုင်ရေး ၂၀၀၁-၂၀၀၂ ၌ စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၂-၂၀၀၃ ခုနှစ်တွင် စတင်ရေပေးဝေနိုင်ခဲ့ကြောင်း၊ မြစ်ရေတင်၏စိစစ်ဧကမှာ ၁၀၀၀ ဖြစ်ပြီး ယခုနှစ်တွင် နွေသီးနှံ ၅၇၀ ဧကကို ရေပေးဝေ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် Motor နှစ်စုံအား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ဆိုလာစနစ်သို့ပြောင်းလဲတပ်ဆင်ရန်၊ လက်တံမြောင်းထိပ်ရှိစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မြေသားမြောင်း၊ လယ်ကြားမြောင်းများထပ်မံတိုးချဲ့ရန် လမ်းညွှန်မှာကြားကာ တရုတ်လှ၊ ထောင်ဝိ၊ ရဲသာ (ကမော့ကစင်)၊ နောင်ခလိုင်၊ ကော့ခမိတ် ကျေးရွာများမှ တောင်သူများနှင့်တွေ့ဆုံ၍ သီးထပ်၊သီးညှပ်များဖြင့် နှစ်သီးစားမှ သုံးသီးစားထိ တိုးချဲ့စိုက်ပျိုးလုပ်ကိုင်နိုင်ရေး စည်းရုံးမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တရုတ်လှလျှပ်စစ်မြစ်ရေတင်လုပ်ငန်း၏ ရေပေးဝေစိုက်ပျိုး လုပ်ကိုင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဘားအံမြို့ရှောင်လမ်းတွင် ကုန်တင်ယာဉ်များ စစ်ဆေးရေးစခန်း တည်ဆောက်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)