မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ ကောင်းစွာအကျိုးပြုသည့် သဘာဝသယံဇာတများ ပေါများကြွယ်ဝစွာ ရှိနေသည်။  ရေ၊  လေ၊  မြေ၊ နေ၊  တွင်းထွက် သယံဇာတများစုံလင်စွာ အနှံ့အပြားရှိနေသည်။ အထူးသဖြင့် ရေသယံဇာတများမှာ မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထားအရ အလျှံပယ်ပေါများလျက်ရှိသည်။ သို့သော် အဆိုပါ ရေသယံဇာတများကို နိုင်ငံအတွက် အပြည့်အဝအသုံးချနိုင်ခြင်း မရှိသေးပေ။

 

မြန်မာနိုင်ငံတွင် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်မြစ်ကြီးလေးသွယ်သည် မြောက်မှတောင်သို့ စီးဆင်းနေပြီး အခြားမြစ်များနှင့် မြစ်လက်တက်၊ ချောင်းမြောင်းများမှ မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ယှက်နွှယ် စီးဆင်းလျက်ရှိသည်။ မြန်မာနိုင်ငံ၌ ရာသီဥတုမိုးရေချိန်ကောင်းမွန်ပြီး ပေါများသည့် စိမ့်စမ်းရေကြောင်းများသည်    နိုင်ငံကိုအကျိုးပြုလျက်ရှိသည်။ ပေါများကြွယ်ဝသော ရေအရင်းအမြစ်များကို အလဟဿမဖြစ်စေဘဲ ထိရောက်စွာ အသုံးချရန်လိုအပ်ပေသည်။

 

ထို့ကြောင့်   ပေါများသော ရေသယံဇာတအရင်းအမြစ်များကို  ထိရောက်စွာ စီမံခန့်ခွဲ  အသုံးချနိုင်ရေးအတွက် နိုင်ငံတော်က လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။  မြန်မာနိုင်ငံရှိ    မြစ်ကြီးလေးသွယ် သည် နိုင်ငံမြောက်ပိုင်းမှ ဖြစ်ဖျားခံစတင်စီးဆင်းလာပြီး ပင်လယ်အတွင်းသို့ စီးဝင်လျက်ရှိရာ ရှည်လျားသော ရေစီးကြောင်း၏ ရေစီးနှုန်းနှင့်ရေလမ်းကြောင်းကို တိုင်းတာရန်  ဆောင်ရွက်လျက်ရှိသည်။

 

ရေစီးနှုန်းအတိုင်းအတာနှင့် ရေလမ်းကြောင်းအခြေအနေအပါအဝင် ရေအရင်းအမြစ်ပမာဏကို စူးစမ်း လေ့လာရေး    ဆောင်ရွက်နိုင်ရန်အတွက်   ရေအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့ကို နိုင်ငံတော်က  ဖွဲ့စည်း ပေးခဲ့သည်။ စူးစမ်းလေ့လာရေးအဖွဲ့၏ လုပ်ငန်းတာဝန်(၁၀)ရပ်ကို အောင်မြင်စွာအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်  သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့်အတူ  ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်သည်။ နိုင်ငံအတွင်းရှိ အဓိကကျသောမြစ်ကြီးများနှင့် ဆက်နွှယ်နေသည့် မြစ်ဝှမ်းဒေသများရှိ ရေအရင်းအမြစ်များကို  စူးစမ်းလေ့လာ၍ ပမာဏကို တိုင်းတာတွက်ချက်ပြီး ထိရောက်စွာအသုံးချရေးကို ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် နေ့စဉ်နှင့်အမျှ အသုံးပြုလျက်ရှိသော လျှပ်စစ်စွမ်းအားရရှိရေးအတွက် အစဉ်အဆက် ရေအား လျှပ်စစ်ကို အသုံးချလျက်ရှိသည်။ တိုးပွားလာသော လူဦးရေနှင့် များပြားလာသော အသုံးပြုမှုများကြောင့် ရေအားလျှပ်စစ်ဖြင့် မလုံလောက်သဖြင့် ဒီဇယ်၊ သဘာဝဓာတ်ငွေ့စသည့်နည်းလမ်းများဖြင့် ငွေကုန်ကြေးကျခံကာ ဆောင်ရွက်နေရသည်။ မြစ်ချောင်းအင်းအိုင်များမှတစ်ဆင့် ဆည်တမံများမှ လျှပ်စစ်ဓာတ်အားများကို   ထုတ်လုပ် ပေးလျက်ရှိရာ   ပိုမိုတိုးတက်ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ယခုအချိန်အထိ နိုင်ငံအတွင်းရှိ  ရေအားအရင်းအမြစ်များအားလုံး၏ တစ်စိတ်တစ်ဒေသကိုသာ အသုံးပြုနိုင်သေးသဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဘဝအဆင့်မြင့်မားရေးအတွက် ရေအားအရင်းအမြစ်များကို စနစ်တကျ စူးစမ်း လေ့လာ၍ အကျိုးရှိစွာ အသုံးချကြရမည် ဖြစ်သည်။

 

ရေသယံဇာတများကို စနစ်တကျစီမံခန့်ခွဲဆောင်ရွက်နိုင်မှသာ ရေကြောင်းပို့ဆောင်ရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေပေးဝေရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ ရေနှင့်ဆက်နွှယ်သည့် သဘာဝဘေးအန္တရာယ်များ လျော့ပါးသက်သာစေရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် Socio Economic Development ကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံရှိ မြစ်ကြီးများတွင် ရေကြောင်းသွားလာမှု လုံခြုံချောမွေ့စေရေး၊ ရေလမ်း ကောင်းမွန်ရေး၊ ကမ်းပြိုကမ်းစားမှုကာကွယ်ရေး၊ ရေကြောင်းတိုင်းတာရေး၊ ရေအရည်အသွေးနှင့် သဲနုန်း လေ့လာရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

 

ယခုအခါ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရေအရင်းအမြစ် စူးစမ်းလေ့လာရေးလုပ်ငန်းများမှ  ပေါ်ထွက်လာသောရလဒ်များကို  ဆက်နွှယ်အသုံးပြုရာဌာနများနှင့် ထိရောက်စွာ ဆက်လက်အကောင် အထည်ဖော်နိုင်ပါက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက  ကမ္ဘာ့ကုလသမဂ္ဂကချမှတ်ထားသည့် ထောင်စုနှစ်ရည်မှန်းချက်များ ၂၀၃၀ အကောင်အထည်ဖော်ဆောင်ရွက် မှုကိုလည်း အထောက်အကူပြုမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ရေအရင်းအမြစ် များတွင် အဓိကကျသည့်  ဧရာဝတီမြစ်ကြီးသည်   နိုင်ငံတည်တံ့ ခိုင်မြဲနေသရွေ့  နှစ်ပေါင်းထောင်ချီကြာမြင့်သည်အထိ အဆုံးအဆမရှိ အကျိုးပြုလျက်ရှိသည်။

 

သို့ဖြစ်ရာ ပကတိတည်ရှိနေပြီး အစဉ်မပြတ်အကျိုးပြုနေသော ရေသယံ ဇာတများကို စူးစမ်းလေ့လာရှာဖွေ၍ ထိရောက်စွာအသုံးပြုကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။              ။

ကြေးမုံအယ်ဒီတာ့အာဘော်