နေပြည်တော် ဇူလိုင် ၁၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ သောက်သုံးရေအရင်းအမြစ် ရေအရည်အသွေးများအား စစ်ဆေးပေးနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် ရေအရည်အသွေးစမ်းသပ်စစ်ဆေးနည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဟွာလ်ဇိက်က ကျေးလက်ဒေသဆင်းရဲမှု လျှော့ချရေးတွင် သန့်ရှင်းသော သောက်သုံးရေရရှိရေးမှာ အဓိကကြသော အချက်တစ်ခုအနေဖြင့် ပါဝင်ပါသောကြောင့် ကျေးရွာများတွင် အသုံးပြုနေသော ရေအရင်းအမြစ်များ၏ ရေအရည်အသွေး အခြေအနေများအား စမ်းသပ်စစ်ဆေးပေးနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းသင်ကြားပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာ စကားတွင်ထည့်သွင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဟေမာဇော် က သင်တန်းတွင် သင်ကြားပို့ခဲ့သည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများ အသီးသီးက သင်တန်းပြီးမြောက်ခဲ့သည့် သင်တန်းသူသင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြသည်။
အဆိုပါ သင်တန်းကို နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ(၁၅)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကို စာတွေ့လက်တွေ့နှစ်မျိုးဖြင့် (၁၄)ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချခဲ့ကြောင်း သိရသည်။
စိုးမိုးကျော်


