မန္တလေး ၃၀ ဇူလိုင် 

 

ရေဘေးအန္တရာယ် ကျရောက်တတ်လေ့ရှိသည့် ယခုလို ဇူလိုင်နှင့် ဩဂုတ်လကာလများတွင် ဒေသအလိုက် မြစ်ရေကြီးခြင်းနှင့် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်မည့် အခြေအနေများကို သတိပေးချက်များ စဉ်ဆက်မပြတ်ထုတ်ပြန်၍ သဘာဝဘေးအန္တရာယ် လျော့နည်းကျဆင်းရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူးဦးစီးဌာန (အထက်မြန်မာပြည်ဌာနခွဲ) ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

 

မြစ်ရေကြီးခြင်းသည် မိုးရွာသွန်းမှုပုံသဏ္ဌာန် မြစ်ဝှမ်းဒေသများအတွင်းရှိ မိုးရွာသွန်းမှုအင်အား ပျံ့နှံ့မှုနှင့် ရွာသွန်းသည့် အချိန်ကာလများအပြင် အခြားသဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုပေါ်မူတည်ပြီး ဖြစ်ပေါ်လေ့ရှိသဖြင့် မိုးလေဝသနှင့် ဇလဗေဒစခန်းများအလိုက် မြစ်ရေကြီးခြင်းနှင့် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ မြစ်ရေ အထူးတိုင်းတာချက်များကို ဒေသအသီးသီးရှိ သဘာဝဘေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များ အချိန်နှင့်တစ်ပြေးညီ သိရှိစေရန် သတင်းအချက်အလက်နှင့် သတိပေးချက်များကို စဉ်ဆက်မပြတ် ထုတ်ပြန်ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

 

“ကျွန်တော်တို့ဌာနက ဒေသအလိုက် အပတ်စဉ်၊ လစဉ် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်တွေကို ပြည်သူတွေ သိရှိစေဖို့ ကြိုတင်ထုတ်ပြန်ပေးလျက်ရှိပါတယ်။ ရေဘေးအန္တရာယ် ကျရောက်တတ်လေ့ရှိတဲ့ အခုလိုကာလမှာလည်း ပုံမှန်ထုတ်ပြန်ပေးနေတဲ့ မိုးဇလတိုင်းထွာချက်တွေအပြင် ဒေသအလိုက် မြစ်ရေကြီးခြင်းနဲ့ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်မယ့် အခြေအနေကို တစ်နာရီတစ်ကြိမ်နှုန်းနဲ့ မြစ်ရေအမှတ်တွေကို အထူးတိုင်းတာကာ နေပြည်တော်(ရုံးချုပ်)နဲ့ သက်ဆိုင်ရာဌာနခွဲတွေကို ပေးပို့နိုင်ခဲ့ပြီး ဒေသအလိုက် သဘာဝဘေးဆိုင်ရာ လျော့ပါးရေးလုပ်ငန်းစဉ်တွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု ၎င်းက ပြောသည်။

 

မန္တလေးမြို့ရှိ ဧရာဝတီမြစ်၏ စိုးရိမ်ရေအမှတ်မှာ ၁၂၆၀ စင်တီမီတာရှိပြီး ဇူလိုင် ၂၈ ရက်တွင် ၁၂၅၃ စင်တီမီတာသို့ ရောက်ရှိခဲ့သော်လည်း ဇူလိုင် ၃၀ ရက် နေ့လယ် ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ၁၂၄၃   စင်တီမီတာသို့ ပြန်လည်ကျဆင်းခဲ့ပြီး လာမည့် နှစ်ရက် သုံးရက် အတွင်း၌လည်း မြစ်ရေများ ဆက်လက်ကျဆင်းနိုင်ကြောင်း ၎င်းက ဆက်လက်သုံးသပ်ပြောကြားသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)