နေပြည်တော် စက်တင်ဘာ၂၄
ရေဘေးဒဏ်သင့်ခဲ့ရသည့် နေပြည်တော် ဇေယျာသီရိမြို့နယ် ချောင်းကမ်းကြီးကျေးရွာမှ အိမ်ထောင်စု (၂၆၀)အတွက် ထောက်ပံ့ကြေးနှင့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် စသည့်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ချောင်းကမ်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဦးစီးဌာန၊ အဖွဲ့ရုံးတို့မှ ဝန်ထမ်းများနှင့် မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်း(MOEAA)တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း(MOEAA)မှ တာဝန်ရှိသူများက ချောင်းကမ်းကြီးဘုန်းတော်ကြီး ကျောင်းဆရာ တော် ဦးသုစိတ္တထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေဘေးသင့်အိမ်ခြေ (၂၆၀) မှ မိသားစု ဝင်များအတွက် ထောက်ပံ့ငွေနှင့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် စသည့် ပစ္စည်းများ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေး အဖွဲ့ကျန်းမာရေး ဆိုင်ရာဝန်ထမ်းများက ရေဘေးသင့်မိသားစုဝင်များကို ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လှည့်လည် ကြည့်ရှု၍ ရေဘေးသင့်မိသားစုဝင်များအား အားပေးစကား ပြောကြားကြသည်။
ယနေ့အခမ်းအနားတွင် ချောင်းကမ်းကြီးကျေးရွာမှ အိမ်ထောင်စု(၂၆၀)စုအတွက် စုစုပေါင်း ငွေကျပ် ၃၀,၂၆၇,၀၀၀ တန်ဖိုးရှိ ထောက်ပံ့ငွေနှင့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် စသည့်ပစ္စည်းများ ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


