တနင်္သာရီ ၆ စက်တင်ဘာ
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း စိုးရိမ်ရေအမှတ် (၁၇)ပေထက် ကျော်လွန်၍ (၂၁ ပေနှင့် ၆ လက်မ) အထိ (ဒုတိယအကြိမ်) မြစ်ရေဆက်တိုက်ကြီးနေသဖြင့် ရေကြီးနစ်မြုပ် ရေဘေးသင့် အိမ်ထောင်စုများအား စားနပ်ရိက္ခာအထောက်အပံ့ ရရှိစေရေးအတွက် စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကိုဖြိုးနှင့် သူငယ်ချင်းများ အဖွဲ့က ရေသန့်ဘူး၊ ကြက်ဥနှင့်မာမားထုတ် စသည့် စားသောက်ဖွယ်ရာများကို ရေကြီးနစ်မြုပ်နေအိမ်များသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးခဲ့ကြကြောင်း သိရှိရသည်။
ယင်းသို့ထောက်ပံ့ပေးရာ၌ အိမ်ထောင်စုတစ်စုလျှင် ရေသန့်ဘူး (၆ ဘူးတွဲ) နှစ်ကတ်၊ ကြက်ဥ(၁ဝ)လုံးစီနှင့် မာမား (၄) ထုပ်စီဖြင့် ချောင်းကြီးရပ်ကွက် အတွင်းရှိ ရွှေလိပ်ပြာလမ်း၊ တိုးချဲ့(၁)(၂)(၃)(၄)(၅)လမ်းနှင့် ဘောလုံးကွင်းတို့တွင် လက်ရှိရေကြီး နစ်မြုပ်လျက်ရှိသည့် ရေဘေးသင့် အိမ်ထောင်စု(၃ဝဝ)စုခန့်အား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့ရာ အမှတ်(၅၅၈)ခြေမြန်တပ်ရင်းမှ ဗိုလ်မှူးညီညီကျော်သွေးနှင့် တပ်မတော်သားများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးမျိုးမျိုးနိုင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်(၁၃)ဦး၊ ချောင်းကြီးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းနှင့်အဖွဲ့ဝင်များက မီးသတ်ဦးစီးဌာန ဖိုင်ဘာလှေ(၃)စီးဖြင့် အလှူရှင် ကိုဖြိုးနှင့်သူငယ်ချင်းများ အဖွဲ့အား လိုက်လံပို့ဆောင် ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
သတင်းနှင့်ဓါတ်ပုံ-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)


