နေပြည်တော် ၁၂ စက်တင်ဘာ
မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသော ရေကြီးရေလျှံမှုများနှင့်မြေပြိုမှုများကြောင့် ဘေးသင့်ဒေသများအတွက် လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် အလှူရှင်များက အလှူငွေများ လာရောက် လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ တောင်ပိုင်းကယ်လီဖိုးနီးယား ပြည်နယ်မြန်မာအသိုက်အဝန်း မိသားစုများမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၄၀,ဝ၀ဝ)နှင့်ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)အတွက် ပြည်ပရောက် မြန်မာနိုင်ငံသားမိသားစုက လှူဒါန်းသည့် အမေရိကန်ဒေါ်လာ (၃၀ဝ)တို့ကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လည်းကောင်း၊ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းက ငွေကျပ်သိန်း (၆၀)နှင့် မြန်မာနိုင်ငံအမြန်လမ်းစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်က ငွေကျပ်သိန်း (၂၀ဝ)ကိုလည်းကောင်း၊ ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံသို့ လာရောက်ပေးအပ်လှူဒါန်းသည်။
လှူဒါန်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားရာတွင် ဘေးဒုက္ခခံစားရသော ပြည်သူများအတွက် စာနာစိတ်ဖြင့် လာရောက်လှူဒါန်းခြင်းကို ကျေးဇူးတင် ဝမ်းမြောက်ပါကြောင်း၊ လှူဒါန်းငွေများကို ရေဘေးသင့်ပြည်သူများထံသို့ ရောက်ရှိစေရန် အလျင်အမြန် တုန့်ပြန် ဆောင်ရွက်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့တွင် ရေဘေးဒုက္ခခံစားရသော ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများကို အချိန်မီ အစားထိုး ပြန်လည်စိုက်ပျိုးနိုင်ရန် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ငွေကျပ် (၆၀ ဒသမ ၆၉)သန်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့သို့ ငွေကျပ်(၁၄၃ ဒသမ ၁၀) သန်းနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့သို့ ငွေကျပ် (၁၆၀ ဒသမ ၄၆၀) သန်းတို့ကို လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း ဆက်လက်၍ လိုအပ်ချက်အရ အလျင်အမြန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ထိရောက်စွာအသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အလှူငွေများကို လက်ခံကာဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


