၁၃ ဇူလိုင်

 

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများသည် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကြီးနားမြို့ရှိ ရပ်ကွက်နေပြည်သူများအား ရေဘေးလွတ်ရာ ကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်းပေးခြင်းနှင့် လိုအပ်သော အကူအညီ အထောက်အပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက် ရှိပါသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့မှ စတင်ပြီး ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီက ဦးဆောင်ကာ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် ကြက်ပေါင်ခြံရပ်ကွက်၊ ရမ်ပူရရပ်ကွက်၊ မြို့သစ်ကြီးရပ်ကွက်၊ လယ်ကုန်းရပ်ကွက်၊ ရေကြည်ကျေးရွာ၊ ခေမာသီရိရပ်ကွက်၊ ရွှေညောင်ပင်ရပ်ကွက်နှင့် အနောက်အလယ်ကုန်းမှ အိမ်ထောင်စုများအား ရေဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်း(၆)ခုသို့ အသင်းပိုင် စက်လှေများဖြင့် ရွှေ့ပြောင်းပို့ဆောင်ပေးခြင်းများ ပြုလုပ်ခဲ့သည်။

 

ဆက်လက်ပြီး ဇူလိုင် ၁၁ ရက်နေ့တွင် ကချင်ပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ပြည်နယ်တပ်ဖွဲ့မှူး ဦးဒေါင်ဟောင်း ဦးစီးပြီး ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင် ၁၂ ဦးက ရမ်ပူရပ်ကွက်၊ မြို့သစ်ကြီးရပ်ကွက်၊ လယ်ကုန်းရပ်ကွက်၊ ကြက်ပေါင်ခြံရပ်ကွက်နှင့် ရေကြည်ကျေးရွာမှ အိမ်ထောင်စု(၂၇၈)စုအား တစ်ကိုယ်ရေ ကျန်းမာရေးသုံး ပစ္စည်းများနှင့် ဓာတ်ဆားထုတ်များ ထောက်ပံ့ခဲ့သည်။

 

1

 

ထို့အပြင် ဇူလိုင် ၁၂ ရက်နေ့တွင် ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)တို့ ပူးပေါင်းကာ မြစ်ကြီးနားမြို့ရှိ မြို့သစ်ကြီးရပ်ကွက်၊ ကြက်ပေါင်ခြံရပ်ကွက်၊ ခေမာသီရိရပ်ကွက်၊ ရမ်ပူရပ်ကွက်၊ ရွှေညောင်ပင်ရပ်ကွက်တို့ရှိ ရေဘေးသင့် အိမ်ထောင်စု တစ်စုလျှင် စောင်(၂)ထည်၊ ဖျာ(၂)ချပ်၊ ခြင်ထောင်(၂)လုံးနှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု(၂၂၄)စုကိုလည်းကောင်း၊ လူတစ်ဦးလျှင် ကျပ် ၁၀ဝဝဝ နှုန်းဖြင့် လူဦးရေ ၅၅၁ ဦးအား လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထို့အပြင် မြစ်ကြီးနားမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များသို့ သွားရောက်ကာ မြစ်ရေကြီးမှု အခြေအနေများ ရွှေ့ပြောင်းနိုင်မည့် နေရာများကို ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက လိုက်လံသတိပေး ဆောင်ရွက်လျက် ရှိပါသည်။

 


မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မိုးရွာသွန်းမှု များပြားလာခြင်းနှင့်အတူ မြစ်ရေတက်ခြင်းကြောင့် ဇူလိုင် (၈) ရက်မှ စတင်ကာ  ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ ရေဘေးသင့် အိမ်ထောင်စုပေါင်း ၉၅၀၃ စုကို ရေဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးအပ်ခြင်းနှင့် လိုအပ်သော အကူအညီ အထောက်အပံ့ ပစ္စည်းများ ပေးအပ်ခြင်းများကို သက်ဆိုင်ရာ ပြည်နယ်/တိုင်း ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဌာနချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သိရသည်။

 

သတင်းနှင့် ဓါတ်ပုံ- မြန်မာနိုင်ငံကြက်ခြေနီအသင်း

 

1