ရန်ကုန် ၁၇ သြဂုတ် 

မြန်မာနိုင်ငံအတွင်းရှိ ရေးဘေးသင့်ဒေသများအတွက် ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အလှူငွေများ လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။ 

ရှေးဦးစွာ မြန်မာနိုင်ငံကဗျာ ဆရာသမဂ္ဂက ငွေကျပ် ၂၁၅ သိန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်က ငွေကျပ်(၅၁)သိန်း၊ မြဧရာဖောင်ဒေးရှင်းက ကမကထပြု၍ ရွာသာကြီးစက်မှုဇုန်မှ လုပ်ငန်းရှင်များနှင့် ပြည်သူများက ငွေကျပ် ၈၁၈၃၀ဝ၀ နှင့် ငွေကျပ် ၆၃၉၀ဝ၀ တန်ဖိုးရှိ ခေါက်ဆွဲခြောက်ပါကင် (၃၀) တို့ကို လှူဒါန်းကြရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ကျင်းပသည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် ရုပ်ရှင်လောကသားများက ရုပ်ရှင်နှစ်တစ်ရာပြည့်အကြို ပြည်သူ့အကျိုးပြုလှုပ်ရှားမှု အစီအစဉ်တွင် နိုင်ငံတစ်ဝန်း ရေဘေးနှင့်သဘာဝဘေးများ ခံစားနေကြရသော ပြည်သူများအတွက် အလှူငွေလှူဒါန်းပွဲသို့ တက်ရောက်သည်။

လှူဒါန်းပွဲတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက လှူဒါန်းရသည့် အကြောင်းရင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ငွေကျပ်သိန်း (၁၀ဝ) မတည်ကာ ရုပ်ရှင်လောကသားများ၏ စုပေါင်းလှူဒါန်းငွေ စုစုပေါင်း ငွေကျပ် ၂၆၂၁၁၀ဝ၀ ကို ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်