ရွှေဘို ၂၀ ဇူလိုင်


တတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သည့် ကုန်းဘောင်မင်းဆက်၏ အစဦးဘုရင်ဖြစ်သော အလောင်းမင်းတရားကြီး ဦးအောင်ဇေယျကို အမှတ်ရဂုဏ်ပြုသောအားဖြင့် ရွှေဘို ရတနာသိင်္ဃ မြို့တည် နန်းတည် (၂၆၆)နှစ်ပြည့် အထိမ်းအမှတ်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့ရှိ  ရွှေဘုံရတနာမင်္ဂလာနန်းတော်တွင် ဇူလိုင် ၂၂ ရက်တွင် မြန်မာတော်ဝင်အနွယ်တော်များ အစည်းအရုံး Myanmar Royal Descendants Association (MRDA) က ကြီးမှူး၍ အနွယ်တော် ဆွေတော်မျိုးတော်များနှင့် ရွှေဘိုမြို့သူမြို့သားများ၊ ပြည်သူများပေါင်းစည်းပြီး ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်ထံမှ သိရသည်။


မြန်မာသက္ကရာဇ် ၁၃၈၁ ခု ဝါဆိုလပြည့်ကျော် ၆ ရက် ၂၀၁၉ ခုနှစ် ဇူလိုင် ၂၂ ရက် တနင်္လာနေ့တွင် နံနက်  ၈ နာရီမှ ၁၁ နာရီခွဲအထိ ကုန်းဘောင်မင်းဆက် ၁၁ ဆက်ကိုရည်စူး၍ သံဃာတော် ၁၁ ပါးကို သင်္ကန်း၊ လှူဖွယ်ပစ္စည်း၊ ဝတ္ထုငွေဆက်ကပ်ခြင်း၊ တရားနာယူခြင်း၊ နေ့ဆွမ်းဆက်ကပ်ခြင်းများနှင့်  ဧည့်သည်တော်များအား ဧည့်ခံကျွေးမွေးမည်ဖြစ်ကြောင်း သိရသည်။


ဆက်လက်၍ အစီအစဉ်အရ ညနေ ၄ နာရီတွင် ရွှေဘို ရတနာသိင်္ဃ မြို့တည် နန်းတည် (၂၆၆) နှစ်ပြည့်အား ရည်မှန်း၍ သံဃာတော် (၂၆၆)ပါးအား ဆွမ်းဆန်စိမ်း လောင်းလှူမည်ဖြစ်ကြောင်း သိရသည်။


မိုးသောက် (ရွှေဘို)