ရွှေဘို ၄ စက်တင်ဘာ
ရွှေဘိုခရိုင်အတွင်း ဩဂုတ် ၃၁ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးသွားသော ဘုရားစေတီများနှင့် သာသနိက အဆောက်အဦများ ပြန်လည်ပြုပြင်နိုင်ရန်အတွက် ရွှေဘိုမြို့ ပဲပွဲစားများကထိန်တော်အသင်းမှ အလှူငွေများပေးအပ် လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ရွှေဘိုခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကိုကိုအောင်က ဩဂုတ် ၃၁ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အိမ်ထောင်စု ၂၂ အိမ်၊ ဘုန်းတော်ကြီးကျောင်း ၁၈ ကျောင်းနှင့် သာသနိက အဆောက်အဦ အတော်များများ ပျက်စီးခဲ့ကြောင်း ၎င်းပျက်စီးခဲ့သော ဘုန်တော်ကြီးကျောင်း ၁၈ ကျောင်းနှင့် သာသနိက အဆောက်အဦများ ပြန်လည်ပြုပြင်ရန်အတွက် ရွှေဘိုမြို့ ပဲပွဲစားများကထိန်တော်အသင်းက ငွေကျပ် ၁၈၀၁၀ဝ၀ ကို လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပဲပွဲစားများကထိန်တော်အသင်းက အလှူငွေများကိုပေးအပ်ရာ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကိုကိုအောင်က လက်ခံရယူခဲ့ပြီး ရေဦးမြို့နယ်ရှိ သာသနိကအဆောက်အဦ ပြုပြင်ရန်အတွက်အလှူငွေကျပ် ၅၀ဝ၀ဝ၀၊ ရွှေဘိုမြို့နယ်ရှိ သာသနိက အဆောက်အဦများ ပြုပြင်ရန်အတွက် အလှူငွေကျပ် ၅၀ဝ၀ဝ၀ နှင့် ခင်ဦးမြို့နယ်ရှိ သာသနိက အဆောက်အဦများ ပြုပြင်ရန်အတွက် အလှူငွေကျပ် ၈၀ဝ၀ဝ၀ တို့ကို အသီးသီး ပြန်လည်ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(ပြန်/ဆက်)


