ရွှေဘို ၁ သြဂုတ်

 

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်)၊ ညွန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း သည် ရွှေဘိုခရိုင်အတွင်း ပြည်ပနိုင်ငံများသို့ ကျွဲ၊နွားတင်ပို့သည့် ကုန်သည်များနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက တွေ့ဆုံခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်း က မိမိတို့ဦးစီးဌာန ရည်မှန်းချက်အောင်မြင်ရေးအတွက် ကုန်သည်များက သတ်မှတ်ထားသည့် စည်းကမ်းများလိုက်နာရန် လိုအပ်ကြောင်း၊ ပြည်သူ၊ ကုန်သည်နှင့် အစိုးရအချိုးကျ အစဉ်ပြေစေရေး နည်းမှန်လမ်းမှန် ဆောင်ရွက်ကြစေလိုကြောင်း၊ ကုန်သည်များ အဆင်ပြေစေရန် အွန်လိုင်းစနစ်ကျင့်သုံးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ကုန်သည်များကလည်း ကိုယ်တိုင်မွေးမြူခြင်း၊ မွေးဖက်ပေးခြင်းလုပ်ငန်းများကိုလည်း အမှန်တကယ် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ဆက်လက်ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်)၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်မြင့်ဟန် က ကုန်သည်များ ကျွဲ၊ နွား ဝယ်ယူရာတွင် လိုက်နာရမည့်အချက်များ၊ ခရိုင်အတွင်း တိုင်းဒေသကြီးအတွင်းနှင့် တိုင်းဒေသကြီးကျော်လွန်ဝယ်ယူရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် နိုင်ငံခြားပို့ရာတွင် လိုက်နာရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသော ကုန်သည်များက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ညွှန်ကြားရေးမှူးချုပ် က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

စိုးသီဟ(ရွှေဘို)