ရွှေဘို ၈ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်းနှင့် စိစစ်ခြင်းအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပသည်။
ရှေးဦးစွာ ရွှေဘိုခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြအေးက ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအား စံ(၅)ရပ်နှင့်အညီ ကျင်းပနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းနှင့် စိစစ်ခြင်း လုပ်ငန်းစဉ်သည်လည်း အရေးကြီးကြောင်း၊ ဥပဒေ၊ နည်းဥပဒေ အမိန့်ညွှန်ကြား ချက်များနှင့်အညီ ဝိုင်းဝန်းဆွေနွေး ညှိနှိုင်းဆောင်ရွက်ကျရန် ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးအောင်မင်းဦးက ဥပဒေ၊ နည်းဥပဒေ အမိန့်ညွှန်ကြားချက်များနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီး ဇူလိုင်လ ၂၀ရက်နေ့မှ စတင်၍ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှုများကို စတင်လက်ခံနိုင်ရန် ဆောင်ရွက်ထားရှိကြောင်း ပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရွှေဘိုခရိုင်အတွင်းမှ ယှဉ်ပြိုင်ရွေးကောက်ခံမည့် လွှတ်တော်မဲဆန္ဒနယ်မြေများမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်(၆)နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁)နယ်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (၁၂) နယ် စုစုပေါင်းမဲဆန္ဒနယ် (၁၉) နယ်ရှိကြောင်းနှင့် ခရိုင်အတွင်း၌ မဲဆန္ဒနယ် (၁၉) နယ်၌ မဲဆန္ဒရှင်ပေါင်း (၈) သိန်း (၆) သောင်းခန့်ရှိပြီး မဲရုံပေါင်း (၇၄၈) ရုံ လျာထားကြောင်း ခရိုင်ရွေးကောက်ပွဲအရာရှိမှ ပြောကြားသည်။
ထွန်းမြင့်အောင်(ရွှေဘို)


