ရွှေဘိုခရိုင်၌ စပါးအစွမ်းဖွင့်စိုက်ပျိုးရေးနည်းစနစ်နှင့် သဘာဝပတ်ဝန်းကျင်မပျက်သော သီးနှံစုံ စိုက်ပျိုးနည်း စနစ် သင်တန်းဖွင့်လှစ်"

ရွှေဘို    နိုဝင်ဘာ  ၂၆

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့တွင် ရာသီဥတုနှင့်လိုက်လျောညီထွေသည့် စပါးအစွမ်းဖွင့် စိုက်ပျိုးရေး (SRI)နည်းစနစ်နှင့် သဘာပတ်ဝန်းကျင်မပျက်ရေရှည်တည်တံ့သော သီးနှံစုံ စိုက်ပျိုးရေး နည်းစနစ် သင်တန်းကို နိုဝင်ဘာ ၂၆ ရက် နံနက် ၉ နာရီက ရွှေဘိုခရိုင် စိုက်ပျိုးရေး ဦးစီးမှူးရုံး၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။

 

5

 

 

အခမ်းအနားတွင် ရွှေဘိုခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးသန်းထွန်းက " ရွှေဘိုခရိုင်သည် မိုးဆောင်းနွေ သီးနှံစုံဧက (၂၅၈၉၀ဝ၀) ကျော်စိုက်ပျိုးထုတ်လုပ်နေသောခရိုင်ဖြစ်ပြီး၊ ယခင်က မိုးရွာသွန်းမှု မှန်ကန် သည့်အတွက် မိုးစပါးအပြီး၊ နွေစပါးစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ မနှစ်ကစ၍ မိုးရွာသွန်းမှုနည်းပါးကာ သဖန်းဆိပ် ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု နည်းပါးခဲ့၍ ရေသိုလှောင်ပမာဏ အလွန် နည်းခဲ့သောကြောင့် ၂၀၁၉ -၂၀၂၀ ခုနှစ်နွေသီးနှံများစိုက်ပျိုးရေမပေးနိုင်ကြောင်း၊ ထို့ကြောင့် ရေလိုအပ်ချက် နည်းပြီး၊ ကုန်ကျစရိတ်သက်သာကာ၊ အမြတ်အစွန်းပိုမိုရရှိမည့် ယခုနည်းပညာ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း" ပြောကြားသည်။

 

သင်တန်းကို စိုက်ပျိုးရေးပညာရှင်၊ စိုက်ပျိုးရေးတက္ကသိုလ်(တွဲဖက်ပါမောက္ခငြိမ်း) ဆရာကြီးဦးသိန်းဆု မှ သင်ကြားပို့ချခဲ့ပြီး၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများ လေ့လာသူများ စုစုပေါင်း လူဦးရေ (၂၅၀) ခန့်တက်ရောက်ခဲ့သည်။

 

အဆိုပါ သင်တန်းနှင့်ပတ်သက်၍ ရွှေဘိုမြို့နယ် ဇီးကုန်းကျေးရွာနေ တောင်သူ ဦးရွှေမောင်က "( SRI )နည်းစနစ်နဲ့ စိုက်ပျိုးရင် မျိုးစေ့နှင့်ပျိုးခင်းပြုပြင်ခ၊ ကောက်စိုက်ခများသက်သာပြီး၊ ရေလိုအပ်ချက် နည်းပါးကာ၊ အမြတ်အစွန်းများနိုင်ကြောင်း သီးနှံအရည်အသွေးလည်း ပိုမိုကောင်းမွန်လာမည်ဆိုတာ သိရလို့ တောင်သူများကိုယ်စား သက်ဆိုင်ရာတာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင်ရှိပါတယ်" ဟု ပြောသည်။

 

 မိုးသောက်(ရွှေဘို)