ရွှေဘို ၂၂ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် ဇန်နဝါရီ ၂၁ ရက် နံနက် ၉နာရီက ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့မှ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ ရွှေဘိုခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြအေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင် ရွေးကောက်ပွဲအရာရှိ ဦးအောင်မင်းဦးက ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ခရိုင်အတွင်းရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် ဝန်ထမ်းများ စံ(၅)ချက်နှင့်အညီ လွတ်လပ်၍ တရားမျှတပြီး အများယုံကြည် လက်ခံသည့် ရွေးကောက်ပွဲတစ်ခုဖြစ်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြီးကြပ်မှုနှင့် IDEA အင်တာနေရှင်နယ် အဖွဲ့၏ ထောက်ပံ့မှုတို့ဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းနည်းပြ(၄)ဦးတို့မှ သင်ရိုး(၁၀)ခုဖြင့် ခရိုင်အတွင်းရှိ ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင် ဝန်ထမ်း(၄၉)ဦးတို့အား (၂)ရက်ကြာ သင်တန်းပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။
ရွှေဘိုခရိုင်အတွင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်အင်အား (၈)သိန်း(၈)သောင်းကျော် နှင့် မဲရုံပေါင်း (၇၄၃)ရုံရှိကြောင်း သိရသည်။
ကိုသားကြီး(ရွှေဘို)