ရွှေဘို၊ ၁၆ ဇန်နဝါရီ
ရွှေဘိုမြို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီ မြို့နယ်ဆေးပဒေသာပင် ဖောင်ဒေးရှင်း အလှုငွေ ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၆ ရက် နံနက် ၉ နာရီခွဲက ရွှေဘိုမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် ရွှေဘိုခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကာကွယ်ကုသရေးလုပ်ငန်းများ ဆောက်ရွက်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဆေးပဒေသာပင် ဖောင်ဒေးရှင်း ဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းပေးကြသော စေတနာရှင် အလှူရှင်များနှင့် တက်ရောက်ချီးမြှင့်ပေးသော ဝန်ကြီးချုပ်နှင့် ဧည့်သည်များအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် အလှူရှင် ရွှေဘိုမြို့ ရွှေနဂါး ရှောပင်းစင်တာ မိသားစု၊ သီဟသုဓမ္မသိင်္ဂီ ဒေါ်လတ်မျိုးစော က လှူဒါန်းသည့် အလှူငွေကျပ် သိန်း ၁၀၀၀၊ ရွှေဘိုမြို့ ရုပ်ပျိုကုမ္ပဏီလီမီတက် မိသားစု၊ သုဓမ္မသိင်္ဂီ ဒေါ်တင်နုက လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၅၀၀ အပါအဝင် စေတနာရှင် အလှူရှင်အသီးသီးတို့က လှုဒါန်းသော အလှုငွေများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ ဇနီးဒေါ်တင့်တင့် (ခ) ဒေါ်ခြူးခြူး၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုအောင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသောင်းဟိန်းနှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြပြီးနောက် အလှုရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် အလှူရှင်များကိုယ်စား ရွှေဘိုမြို့ ရွှေနဂါး ရှောပင်းစင်တာမိသားစု၊ သီဟသုဓမ္မသိင်္ဂီ ဒေါ်လတ်မျိုးစော က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ပါဝင်လှူဒါန်းခွင့်ရရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ကိုဗစ်ရောဂါမှ ကင်းလွတ်ကြပါစေကြောင်း ဆုတောင်းစကား ပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် ဇနီးတို့က တက်ရောက်လာကြသည့် အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံကာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး ပါဝင်ဆောင်ရွက်ခဲ့မှုများအတွက် ကျေးဇူးတင်စကား ပြောကြားသည်။
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးမြို့နယ်အဆင့် လုပ်ငန်းကော်မတီ၊ မြို့နယ်ဆေးပဒေသာပင် ဖောင်ဒေးရှင်း အလှုငွေပေါင်းမှာ ငွေကျပ်သိန်းပေါင်း ၁၆၆၇ သိန်းဖြစ်ပြီး ယနေ့အထိ ရွှေဘို့မြို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ မြို့နယ်ဆေးပဒေသာပင်ဖောင်ဒေးရှင်း အလှုငွေစုစုပေါင်းမှာ ငွေကျပ်သိန်းပေါင်း ၁၈၀၂ သိန်း ၂ ထောင်ကျပ် ရှိပြီဖြစ်ကြောင်း၊ အလှူငွေများကို ရွှေဘိုမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ဆေးပဒေသာပင် ဖောင်ဒေးရှင်း မြို့နယ်အဆင့် လုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် စနစ်တကျ သုံးစွဲသွားမည် ဖြစ်သည်။
မြင့်နိုင်စိုး ( ပြန်/ဆက်)


