ရွှေဘို၊   ၁၉   ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ငလျင်ဘေးအန္တရယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေ ကယ်ဆယ်ရေးနှင့်  မီးငြှိမ်းသတ်ရေး  ဇာတ်တိုက်လေ့ကျင့်ခြင်းကို  ဇန်နဝါရီ  ၁၉  ရက် နံနက် ၉ နာရီက အစိုးရနည်းပညာကောလိပ်၌   ပြုလုပ်သည်။

အခမ်းအနားတွင် ရွှေဘိုခရိုင် စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးကိုကိုအောင်က ပြည်သူများအနေဖြင့် ငလျင်မလှုပ်မီ၊ ငလျင်လှုပ်စဉ်၊ ငလျင်လှုပ်ပြီးနောက် ဆောင်ရွက်ရမည့် အချက်များကို သိရှိလိုက်နာပြီး ငလျင်လှုပ်မှုနှင့်အတူ ဖြစ်ပေါ်နိုင်သော မီးလောင်မှုများကိုလည်း ဂရုစိုက်၍ လက်ဦးမှုရယူပြီး ငြှိမ်းသတ်ခြင်းများကို မီးသတ်တပ်ဖွဲ့နှင့် ပူးပေါင်း၍ ဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး ဦးအေးမြင့် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ အထောက်အကူပြု ပစ္စည်းများဖြစ်သည့် RESCUE TOOL များဖြင့် ငလျင်လှုပ်ခတ်မှုကြောင့် ယာဉ်တိမ်းမောက်၍ ယာဉ်အောက်တွင် ပိမိနေသော လူများအား ရှာဖွေကယ်ဆယ်ခြင်း၊ အဆောက်အအုံ တွင် ပိမိနေသော လူများအား အာရုံခံကိရိယာ အသုံးပြု၍ ရှာဖွေကယ်ဆယ်ခြင်းများနှင့် ပိုလန်နိုင်ငံမှ Heavy RESCUE & Lifting (44) Ton ယာဉ်ဖြင့် တိမ်းမှောက်နေသော ယာဉ်ကိုမတင်ခြင်း၊ ရှင်းလင်း ဖယ်ရှားခြင်းများ  သရုပ်ပြဆောင်ရွက်ကြသည်။

ဆက်လက်၍ ငလျင်လှုပ်ခတ်မှုနှင့် တစ်ဆက်တည်း မီးလောင်မှုများ ဖြစ်ပွားနိုင်ခြင်းကြောင့် မီးလောင်မှု များအား မီးသတ်ဆေးဘူးအသုံးပြု၍ ငြှိမ်းသတ်ခြင်း၊ အထပ်မြင့်တိုက်များတွင် မီးလောင်မှု ဖြစ်ပွားပါက လှေကားတင်ယာဉ်ဖြင့် ငြှိမ်းသတ်ခြင်း၊ ဆီမီးလောင်များအား Foam Truck မီးငြှိမ်းသတ် ယာဉ်ဖြင့် ငြှိမ်းသတ်ခြင်းများ သရုပ်ပြသည်။

ရွှေဘိုခရိုင်သည် စစ်ကိုင်းပြတ်ရွေ့အတွင်း ကျရောက်ပြီး ငလျင်လှုပ်ခတ်၍ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ငလျင်ဘေးအန္တရာယ်ကျရောက်ခဲ့ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ စွမ်းအားပြည့် ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာ များဖြင့် ဆောင်ရွက်နိုင်ရန် ရွှေဘိုခရိုင် မီးသတ်စခန်းတွင် ပိုလန်နိုင်ငံမှ Heavy RESCUE & Lifting (44) Ton ယာဉ်အား ဖြည့်ဆည်းဆောင်ရွက်ထားရှိကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး ဦးအေးမြင့် ထံမှ သိရသည်။

ထွန်းမြင့်အောင်(ရွှေဘို)