ရွှေဘို၊ ဇွန် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော ဘိုတဲကုန်းကျေးရွာနှင့် လိပ်ချင်းကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေ (VDP) ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဇွန် ၂၃ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ရွှေဘိုခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ယခုနှစ်ဘဏ္ဍာရေးနှစ်တွင် ဘိုတဲကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေ (VDP) ကျပ်သိန်း (၁၀၀)၊ ပြည်သူ့ထည့်ဝင်ငွေ (၁၀)သိန်းဖြင့် ကျေးရွာတွင်း လမ်းအရှည် ၃၈၁ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၉ လက်မ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် လိပ်ချင်း ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေ(VDP) ကျပ်သိန်း (၁၀၀)၊ ပြည်သူ့ထည့်ဝင်ငွေ ကျပ် (၁၀)သိန်းဖြင့် ကျေးရွာတွင်း လမ်းအရှည် ၅၀၁ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်နေမှုတို့ကို ရွှေဘိုခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး လမ်းအရည်အသွေး ပြည့်မီ၍ ရှေရှည်အသုံးပြုနိုင်ရန်နှင့် သတ်မှတ်အချိန်အတွင်း ပြီးစီးနိုင်ရေးအတွက် လမ်းကော်မတီများဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းကျေးရွာ (၁)ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ရန်ပုံငွေ(VDP) ကျပ်သိန်း(၁၀၀)နှင့် ဒေသခံပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။ ထို့သို့ ဆောင်ရွက်ရာတွင် မိမိတို့ကျေးရွာ၏ လမ်း၊ တံတား၊ ရေပေးရေး၊ မီးလင်းရေး၊ အဆောက်အဦများကို ဦးစားပေး အစီအစဉ်အလိုက် ဒေသခံပြည်သူများကိုယ်တိုင် ရေးဆွဲလုပ်ကိုင်စေ၍ မိမိတို့ဌာနမှ နည်းပညာများ ပံပိုးဆောင်ရွက်ပေးကာ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရွှေဘိုခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်က ပြောသည်။
ခရိုင် (ပြန်/ဆက်)


