ရွှေဘို ၂ အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးရာသီကာလအတွင်း သဘာဝဘေးကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများအား ထောက်ပံ့ငွေကျပ်သိန်း ၁၂၈၃ သိန်း ၄ သောင်းပေးအပ်ပွဲကို အောက်တိုဘာ ၂ ရက်  နံနက် ၁၁ နာရီက ရွှေဘိုမြို့နယ်စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

ရှေးဦးစွာ ရွှေဘိုမြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသောင်းဟိန်းမှ  ထောက်ပံ့ငွေများကို အဆင်ပြေ ချောမွေ့စွာဖြင့် တောင်သူများ လက်ဝယ်အရောက်  ရောက်ရှိအောင် ဆောင်ရွက်သွားရန် အမှာစကား ပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှုး ဒေါ်ဇာဇာမင်းမှ  သဘာဝဘေးများဖြစ်သော ရေကြီးနစ်မြုပ်ခြင်း၊ မိုးလို မိုးခေါင်ခြင်း၊ ပိုးမွှားရောဂါကျရောက်ခြင်း၊ ကြွက်များဖျက်ဆီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်း တို့ထဲမှ မြို့နယ်အတွင်းရှိ  မိုးစပါးများစိုက်ပျိုးရာတွင် မိုးလိုခြင်းနှင့် မိုးခေါင်ခြင်း‌ကြောင့် သီးနှံပျက်စီး ဆုံးရှုံးခဲ့သော တောင်သူများအား တစ်ဧကလျှင် တစ်သောင်းကျပ်နှုန်း ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ထောက်ပံ့ငွေပေးအပ်ရခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ရွှေဘိုမြို့နယ်အတွင်းရှိ ဘိုးတော်တော၊ ပိတ္တော၊ ဆင်းကွတ်၊ကြိုးကြာ၊ တကန်သာ၊ သပြေသစ်ချို၊ တအုံ၊ ကော့ရွာ၊ မင်းကျောင်း၊ ကံဗြူ၊ သစ်ချိုပင်၊ ချောင်းဆုံ၊ တံခွန်တိုင်၊ ပေါက်တုံ စသည့် ကျေးရွာများမှ လည်ကောင်း၊ကျောက်မြောင်းမြို့နယ်မှ အုန်းပေါက်၊ တည်ပင် ၊ ကံကြီးတော၊ ဂွေးပင်ကုန်း၊ မလား၊ မခေါက်၊ ကုလားမ၊ ရပ်ကွက်-၁၊ ရပ်ကွက်-၄ စသည့်ကျေးရွာများမှ တောင်သူစုစုပေါင်း(၅၄၂၂)ဦးတို့၏ မိုးစပါးဧက(၁၂၈၃၄)ဧက အတွက် ထောက်ပံ့ငွေများကို ကျေးရွာအုပ်ချုပ်ရေးမှူးထံ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထွန်းမြင့်အောင်(ရွှေဘို)