ရွှေဘို   မတ်     ၁၄

ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အခြားစီးပွားရေးလုပ်ငန်းများ၏ သွင်းကုန်ထုတ်ကုန်များကို သယ်ယူမှု ကုန်ကျစရိတ်သက်သာစေရေး၊ လေလွင့်မှုနည်းပါးစေရေးနှင့် ဈေးကွက်သို့ သယ်ယူပို့ဆောင်ရာတွင် လည်းကောင်း၊ မိမိတို့ထားသိုရာ နေရာများသို့လည်းကောင်း လျင်မြန်စွာ ပို့ဆောင်နိုင်စေရန် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားများကို ၂၀၁၈ခုနှစ်(၆)လဘဏ္ဍာရေးနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ရာ ယခု၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်ကုန်အထိ ကျေးလက်ကုန်ထုတ်လမ်း (၈)လမ်း ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ကုန်ထုတ်လမ်းများ၏ အရှည်မိုင်မှာ ၁၅မိုင် ၄ ဒသမ ၅ ဖာလုံရှိပြီး ယင်းကုန်ထုတ်လမ်းများအပေါ်၌  ကွန်ကရစ်တံတား(၃)စင်း၊ Box Culvert (၂)စင်း၊ Pipe Culvert (၁)စင်း တို့အား ခွင့်ပြုရန်ပုံငွေကျပ် ၄၇၄ ဒသမ ၅၉ သန်းဖြင့် လုပ်ငန်းအားလုံး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရှိရသည်။ ထိုကဲ့သို့ ကျေးလက်ကုန်ထုတ်လမ်းတံတားများ ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ကျေးရွာ (၇)ရွာရှိ အိမ်‌ထောင်စု(၃၀၉၂)စု၊ လူဦးရေ (၁၉၃၆၈)ဦးတို့၏ လယ်ယာမြေဧက (၃၄၂၀)ရှိ စိုက်ပျိုးသီးနှံများကို ရာသီမရွေး ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ တိုးတက် ပြောင်းလဲလာမည် ဖြစ်ကြောင်း ရွှေဘိုမြို့နယ်ကျေးလက်ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးစိုးခိုင်ထံမှ သိရသည်။

သန်းသန်းစိုး