ရွှေဘို နိုဝင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်ရှိ မိုးစပါးများ အောင်မြင်ဖြစ်ထွန်းနိုင်ရေးအတွက် ပိုးမွှားကင်းထောက် မှတ်တမ်းယူခြင်းများကို စိုက်ကွင်းများအရောက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ပိုးမွှားကင်းထောက် မှတ်တမ်းယူခြင်းများကို သက်ဆိုင်ရာ နည်းပညာပြန့်ပွှားရေးစင်တာများရှိ ကွင်းဝန်ထမ်းများဖြင့် နှစ်စဉ်ကျရောက်လေရှိသော ဆစ်ပိုးများ၊ ဖြုတ်ပိုးများ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်း၍ ကင်းထောက်မှတ်တမ်းများ ကောက်ယူပြီး ပိုးမွှားရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုအပ်မှသာ ပိုးသတ်ဆေးများကို အသုံးပြုရန်နှင့် ထိုသို့ ပိုးသတ်ဆေးသုံးစွဲရာတွင်လည်း ဖျက်ပိုးကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်မည့် ပိုးသတ်ဆေး အမျိုးအစားများကို ရွေးချယ်အသုံးပြု၍ နှုန်းထားမှန်ကန်စွာ အသုံးပြုရန် ကွင်းဆင်းဆောင်ရွက်ကြခြင်း ဖြစ်သည်။
ယခုနှစ်၌ ရွှေဘိုမြို့နယ်တွင် မိုးစပါးစိုက်ဧက ၁၁၆၈၇၈ ဧက စိုက်ပျိုးထားသည့်အနက် ပေါ်ဆန်းရင် (ရွှေဘိုပေါ်ဆန်း) စပါးမျိုးကို ၉၇၂၈၄ ဧကဖြင့် စိုက်ဧကအများဆုံးနှင့် ပေါ်ဆန်းရင်(ရွှေဘိုပေါ်ဆန်း) မျိုးသန့်ပွှားများရေး လုပ်ငန်းများကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်မိုးစပါး စိုက်ပျိုးရာသီတွင် ပေါ်ဆန်းရင်(ရွှေဘိုပေါ်ဆန်း) မျိုးသန့်မျိုးပွှားမျိုးစေ့ (RS to CS) ဧက ၁၀၄၀ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)