ရွှေဘို ၁၃ ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ချီပါတောင်ကျေးရွာ အနီးတွင် ဇွန် ၁၁ ရက် ညနေပိုင်းက ထော်လာဂျီယာဉ် တိုင်းရော့ပြုတ်၍ လမ်းဘေးစျေးဆိုင်အား တိုက်မိသဖြင့် စျေးဝယ်နေသူ အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇွန် ၁၁ ရက် ညနေ ၄ နာရီခွဲခန့်က ရွှေဘိုမြို့နယ် ရွှေဘို - မြင်းသည်ကျေးရွာ သွားကားလမ်း ချီပါတောင်ကျေးရွာအနီးတွင် ရွှေဘိုဘက်မှ မြင်းသည်ကျေးရွာဘက်သို့ ယာဉ်မောင်း ကျော်ဇင်ဦး မောင်းနှင်လာသော ထော်လာဂျီမှာ တိုင်းရော့ပြုတ်၍ လမ်းဘေးရှိ စျေးဆိုင်အား တိုက်မိပြီး၊ စျေးဆိုင်တွင် စျေးဝယ်နေသူ ချီပါကျေးရွာ၊ ရွှေဘိုမြို့နယ်နေသူများဖြစ်သည့် မယုသဇင် (၃ နှစ်) နှင့် ဒေါ်နက်တုတ် (၆၂ နှစ်) တို့အား ဝင်ရောက်တိုက်မိခဲ့သဖြင့် မယုသဇင်(၃ နှစ်) တွင် စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ပြီး၊ ဒေါ်နက်တုတ် (၆၂ နှစ်) တွင် မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကျော်ဇင်ဦး ကို ရွှေဘိုမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မိုးသောက်(ရွှေဘို)