ရွှေဘို ၁၉ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ လိပ်ချင်းကျေးရွာတွင် ယနေ့ နံနက် ၉ နာရီက အဆင့်မြင့် လယ်ယာမြေစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း အလုပ်ရုံဆွေးနွေးပွဲအား စီမံကိန်းဧရိယာရှိ တောင်သူစုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၄) ညွှန်ကြားရေးမှူး ဦးဖြိုးမြင့် က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ JICA မှ အဆင့်မြင့်လယ်ယာမြေစီမံကိန်း အဖွဲ့ခေါင်းဆောင် Mr . NOBUTOSHI EGUCHI က အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းများ ချောမောစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လုပ်ငန်းစဉ်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ရွှေဘို၊ ဝက်လက်၊ ဒီပဲယင်း၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အဆင့်မြင့်လယ်ယာ ဖော်ထုတ်မည့် ကျေးရွာများမှ တောင်သူကိုယ်စားလှယ်များ လိပ်ချင်းကျေးရွာ ရေအသုံးချသူများအသင်းမှ အဖွဲ့ဝင် တောင်သူများ၊ လေ့လာသူများ စုစုပေါင်းလူဦးရေ ၁၀ဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆင့်မြင့် လယ်ယာမြေစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ရွှေဘိုမြို့နယ် လိပ်ချင်းကျေးရွာနေတောင်သူ ဦးဇော်မင်း က " ယခင်က လယ်တွေက စက်ဝိုင်းပုံ တြိဂံပုံရှိပြီး မြေမညီ ထောင့်မှန်မကျ၍ ရေသွင်းအဆင်မပြေခြင်း၊ ရေသောက်မြောင်း ကွေ့ကောက်ပြီး ရေစီးရေလာမကောင်းခြင်းတို့ကြောင့် တောင်သူတိုင်း ညီညီညာညာ ရေရရှိဖို့ခဲယဉ်းခဲ့ပါတယ်။ အထက်က လယ်ရေဆိုးထုတ်တဲ့အခါ အောက်လယ်တွေရေနစ်မြုပ်ခြင်းများနဲ့ ရိတ်သိမ်းတဲ့အခါ လမ်းအနီးရှိ လယ်အရင်ရိတ်သိမ်းပြီးမှ အတွင်းကျလယ်များ ရိတ်သိမ်းစက်ဝင်ရ၍ မလိုအပ်ဘဲ လေလွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခြင်းကြုံတွေ့ခဲ့ရပါတယ်။ အခုဆိုရင် လယ်တိုင်းရေသောက်မြောင်း ရေဆိုးထုတ်မြောင်း ကုန်ထုတ်လမ်းရှိလို့အဆင်ပြေသွားပါပြီ။ လယ်ယာမြေတွေလည်း ညီညာ၍ ထောင့်မှန်ကျသွားပြီဖြစ်တဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအား အထူးကျေးဇူးတင်ရှိပါတယ်" ဟု ပြောကြားသည်။
ရွှေဘိုမြို့နယ် လိပ်ချင်းကျေးရွာတွင် စီးပွားရေးဝင်ငွေတိုးတက်ရေးစီမံကိန်း (AIIP) ရှေ့ပြေးအဆင့်မြင့်လယ်ယာမြေ( ၅၇၅ ) ဧက ဖော်ထုတ်ခြင်းအား ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန်လကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။ နှစ်အလိုက် အဆင့်မြင့်လယ်ယာမြေ ဖော်ဆောင်မည့်အစီအစဉ်များမှာ ၂၀၁၈ - ၂၀၁၉ ခုနှစ်တွင် ရွှေဘိုမြို့နယ်အတွင်း ၅၇၅ ဧက၊ ၂၀၁၉ - ၂၀၂၀ ခုနှစ်တွင် ဝက်လက်မြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ရွှေဘိုမြို့နယ်များအတွင်း ၉၀၄ . ၈၂ ဧက၊ ၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်၊ တန့်ဆည်မြို့နယ်နှင့် ရွှေဘိုမြို့နယ်များအတွင်း ၁၇၁၆ .၄၄ ဧက နှင့် ၂၀၂၁ - ၂၀၂၂ ခုနှစ်တွင် ရွှေဘိုမြို့နယ်အတွင်း ၁၈၁၆ . ၇၃ ဧက ဖြစ်ပြီး စုစုပေါင်း ဧရိယာဧက ၅၀၁၂ . ၉၉ ဧက ဖြစ်ကြောင်း သိရသည်။
မိုးသောက်(ရွှေဘို)