ရွှေဘို ၊ နိုဝင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် တိုင်းဒေသကြီးကိုယ်စားပြု စပါးတစ်ဧက အထွက်နှုန်း တိုးတက်ရေးအတွက် သိပ္ပံနည်းကျ စိုက်ပျိုးစနစ်ဖြင့် တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀)စံပြကွက် အောင်မြင်ဖြစ်ထွန်းနေမှုကို စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက်(၈)နာရီက ကွင်းဆင်းကြည့်ရှုခဲ့ပြီး ကြွက်များကာကွယ်နှိမ်နှင်းရန် ဆေးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။
ထိုစံပြကွက်ကို မြေယာပြုပြင်ခြင်း၊ ပျိုးထောင်ခြင်း၊ ကောက်စိုက်ခြင်း၊ အပင်ပြုစုခြင်းလုပ်ငန်းများတွင် ခေတ်မီစက်ကိရိယာများကို အသုံးပြုနိုင်သည့် အခြေအနေတွင်ရှိသော သဖန်းဆိပ်ဆည်ရေသောက် ဧရိယာတွင် ပါဝင်သည့် JICA(AIIP) စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေးစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော မြင်ချင်ကျေးရွာရှိ တောင်သူ(၂၅)ဦး၏ စိုက်ဧက(၁၀၀)တွင် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်းနှင့် ထိုသို့ သိပ္ပံနည်းကျ စိုက်နည်းစနစ်များကို အသုံးပြုခြင်းဖြင့် တစ်ဧက စပါးအထွက်နှုန်း အမြင့်ဆုံးအထိ ပိုမိုထွက်ရှိနိုင်ကြောင်း တောင်သူများအား ပညာပေးစည်းရုံးရန်အတွက် လည်ကောင်း၊ ၎င်းနည်းစနစ်ကို တောင်သူများပြည့်ပြည့်ဝဝ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် လည်းကောင်း၊ မျိုး၊ ဓါတ်မြေဩဇာ၊ သဘာဝမြေဩဇာ စသည့် သွင်းအားစုပစ္စည်းများအား အချိုးကျ၊ အချိန်ကိုက် စနစ်တကျ ထည့်သွင်းအသုံးပြုတတ်စေရန်လည်ကောင်း၊ တောင်သူအချင်းချင်း နည်းပညာများဖလှယ် စိုက်ပျိုးလုပ်ကိုင်နိုင်စေရန်အတွက် လည်ကောင်း ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာမင်း က ပြောကြားသည်။
ခရိုင်ပြန်/ဆက်


