ရွှေဘို ၅ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ ပထမလူနာနှင့် ဒုတိယလူနာ နှစ်ဦးတို့ ဆေးရုံဆင်းခွင့် ရရှိပြီဖြစ်ကြောင်း ရွှေဘိုမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစောသက်လျာအောင်က ပြောသည်။
စက်တင်ဘာ ၂၀ ရက်က ကိုဗစ်-၁၉ ပိုးတွေ့ပထမလူနာဖြစ်သည့် ရွှေဘိုမြို့နေ အသက်(၄၁) နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် စက်တင်ဘာ ၂၂ ရက်က ကိုဗစ် -၁၉ ပိုးတွေ့ဒုတိယလူနာဖြစ်သည့် ရွှေဘိုမြို့နယ် ကံသာကုန်းကျေးရွာနေ အသက် (၃၈) နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ၍ ရွှေဘိုမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းရှိ ယာယီဆေးရုံ၌ တက်ရောက်ကုသမှု ခံယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာ နှစ်ဦးတို့တွင် ရောဂါလက္ခဏာ ပျောက်ကင်းပြီဖြစ်သည့်အတွက် အောက်တိုဘာ ၅ ရက် နံနက် ၈ နာရီက ယာယီဆေးရုံမှဆင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ နေအိမ်အသွားအလာကန့်သတ် ၇ ရက် ဆက်လက်ထားရှိသွားမည် ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာစောသက်လျာအောင်က ပြောကြားသည်။
ရွှေဘိုမြို့နယ်တွင် Covid-19 Positive အတည်ပြုလူနာ ၈ ဦး တွေ့ရှိထားပြီး၊ ၂ ဦး ဆေးရုံဆင်းခွင့်ရရှိ၍ ယာယီဆေးရုံ၌ ၆ ဦး တက်ရောက်ကုသနေဆဲဖြစ်ကြောင်း သိရသည်။
မိုးသောက်(ရွှေဘို)


