ရွှေဘို၊ စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် ယခုနှစ်မိုးစပါးရာသီ၌ ရွှေ‌ဘိုပေါ်ဆန်း စိုက်ဧက (၉)သောင်းကျော် အပါဝင် စိုက်ဧက(၁၁၆၈၇၈)ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ယခုနှစ်မိုးစပါးရာသီတွင် သဖန်းဆိပ်ဆည်ရေသောက် ဧရိယာဖြစ်သော SMC တူးမြောင်း၊ OMC တူးမြောင်းမှ လည်ကောင်း၊ ကံဖြူရေဟန့်ဆည်မှ လည်ကောင်း၊ ကြိုးကြာဆည်မှ လည်ကောင်း၊ ကိုးပင်ဆည်မှ လည်ကောင်း၊ အခြားဆည်များမှ လည်ကောင်း၊ စက်ရေတင်မှ လည်ကောင်း၊ မြေအောက်ရေမှ လည်ကောင်း၊ မိုးကောင်းသောက်မှ လည်ကောင်း စိုက်ပျိုးရေများဖြင့် ဇူလိုင်လမှ စတင်၍ ပျိုးထောင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးစပါးစိုက်ပျိုးရာတွင် ကောက်စိုက်စက်ဖြင့် (၁၇၂)ဧက၊ ဘောင်ပျိုးစိုက်နည်းဖြင့် (၆၄၄၉၉)ဧက၊  ရိုးရိုးစိုက်နည်းစနစ်ဖြင့် (၃၃၀၆၉)ဧက၊ တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် (၇၃၂)ဧက၊ ကြဲပက်(အစို) စိုက်နည်းစနစ်ဖြင့် (၁၇၀၀၃)ဧက၊ ကြဲပက်(အခြောက်) စိုက်နည်းစနစ်ဖြင့် (၁၇၉၀၅)ဧက စသည့် စိုက်နည်းစနစ်များဖြင့် ရွှေဘိုပေါ်ဆန်း (၉၇၂၈၄)ဧက၊ ဧရာမင်း (၃၁၈၀)ဧက၊ မနော်ဟရီ (၁၂၉၉၆)ဧက၊ ရွှေသွယ်ရင် (၁၄၄၅)ဧက၊ ဆင်းသုခ (၁၈၇)ဧက စုစုပေါင်းမိုးစပါးစိုက်ဧက (၁၁၆၈၇၈)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာမင်းထံမှ သိရသည်။

ထွန်းမြင့်အောင် (ခရိုင် ပြန်/ဆက်)