ရွှေဘို  ၂၆   ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် ဂျပန်အပြည်ပြည်ဆိုင်ရာနည်းပညာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)နှင့် စိုက်ပျိုးရေးဦးစီးဌာန(DOA)တို့‌ပူးပေါင်းဆောင်ရွက်သော ဆန်စပါးမျိုးသန့်မျိုးစေ့ ရရှိသုံးစွဲနိုင်မှု မြှင့်တင်ရေး စီမံကိန်း ဒုတိယနှစ် ပဉ္စမအကြိမ်မြောက်သင်တန်းကို ယနေ့နံနက် ၈ နာရီက ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှုး ဦးအောင်ကြည်ဝင်းမှ ရွှေဘိုခရိုင်သည် မြန်မာနိုင်ငံ၏ တတိယစပါးကျီ၊ တိုင်းဒေသကြီး၏ ပထမ စပါးကျီ ဖြစ်သည့်အတွက် ခရိုင်အတွင်းရှိ အဓိကစိုက်ပျိုးသော ရွှေဘိုပေါ်ဆန်း၊ဧရာမင်း၊ သက်လျင်မျိုးများ  မျိုးကောင်း၊ မျိုးသန့် ရရှိသုံးစွဲနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

96325

 

ထို့နောက် JICA Team မှ ပညာရှင်များ၊ စိုက်ပျိုးရေးဦးစီးဌာန ရန်ကုန်မျိုးစေ့ အရည်အသွေး စစ်ဆေးရေးခန်းမှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်ခင်နှင်းသန့်၊တိုင်းမျိုးစေ့တာဝန်ခံ ဒေါ်မင်းမင်းသန့် တို့မှ ၂၀၁၉ ခုနှစ် မိုးစပါး စီးပွားဖြစ် မျိုးသန့်မျိုးစေ့ ထုတ်လုပ်မှုအခြေအနေများကို ဆွေးနွေးပို့ချခဲ့သည်။

 

ဆက်လက်၍ ခရိုင်/မြို့နယ် အသီးသီးမှ မျိုးစေ့တာဝန်ခံများမှ  ဆောင်ရွက်ခဲ့သည် မျိုးစေ့ထုတ်လုပ် မှုများနှင့်ပတ်သက်၍ သုံးသပ်ဆွေးနွးတင်ပြခဲ့သည်။ အဆိုပါ သင်တန်းကို ဒုတိုင်းဒေသကြီးဦးစီးမှုး၊ ခရိုင်ဦးစီးမှုး၊ JICA Team မှ ပညာရှင်များနှင့် သင်တန်းသူ သင်တန်းသား(၄၀) တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ထွန်းမြင့်အောင်(ရွှေဘို)