ရွှေဘို   ၁  မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် စီးပွားဖြစ်မျိုးသန့်မျိုးစေ့မှ စိုက်ပျိုးထွက်ရှိသည့် မျိုးသန့်စပါးနှင့် ရိုးရိုးမျိုးစပါးမှ စိုက်ပျိုးထွက်ရှိသည့် စပါးတို့ အရည်အသွေးအထွက်နှုန်းကို သရုပ်ပြကြိတ်ခွဲပြသခြင်းကို ယမန်နေ့ နံနက် ၈ နာရီက သိင်္ဂီဆန်စက်တွင် ကျင်းပခဲ့သည်။

 

သရုပ်ပြပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းလှိုင်ဦးမှ စီးပွားဖြစ် မျိုးသန့်မျိုးစေ့ အသုံးပြု စိုက်ပျိုးခြင်းမှ ထုတ်လုပ်ရရှိသော စပါးပင်များသည် အပင်များကျန်မာသန်စွမ်းပြီး ရိတ်သိမ်းချိန်တွင် အပင်များညီညာသောကြောင့် အထွက်နှုန်းတိုး၍ ဆန်အရည်အသွေးလည်း အခြားမျိုးကွဲများမပါဘဲ စပါးလုံးညီညာကာ ဆန်နီစေ့ကင်စင်းကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် မင်္ဂလာရွာမှ တောင်သူ ဦးတင်ဝင်း၏ စီးပွားဖြစ်မျိုးသန့်မျိုးစေ့စပါးမှ ထွက်ရှိသော  ရွှေဘိုပေါ်ဆန်း တင်း (၁၀၀)ကို သိင်္ဂီဆန်စက်တွင် လက်တွေ့သရုပ်ပြ ကြိတ်ခွဲပြသခဲ့ရာ ဆန်ပိုင်း တစ်တင်းခွဲအိတ် (၃၁)ပိုင်းကျော်ထွက်ရှိခဲ့ရာ ယခုနှစ်၌ ရိုးရိုးရွှေဘို ပေါ်ဆန်စပါးကိုကြိတ်လျှင် ဆန်ပိုင်း တစ်တင်းခွဲအိတ် (၂၇)ပိုင်းကျော်သာရရှိကြောင်း သိင်္ဂီဆန်စက်ပိုင်ရှင် ဦးကျော်နိုင်က ရှင်းလင်းပြောကြားသည်။

 

ရွှေဘိုခရိုင်အတွင်းတွင် မျိုးသန့်မျိုးစေ့စပါးများ ရရှိစေရေးအတွက် မြို့နယ်(၇)မြို့နယ်ရှိ မျိုးစေ့‌ထုတ်တောင်သူများထံမှ ထွက်ရှိလာသော မျိုးသန့်မျိုးစေ့စပါးများကို အထက်မြန်မာပြည် မျိုးစေ့အရည်အသွေး စစ်ဆေးခန်းကို မျိုးစေ့နမှုနာများ ပေးပို့၍ အရည်အသွေးစစ်ဆးပြီးမှ မျိုးစေ့အရည်အသွေး စံချိန်စံညွှန်းနှင့်ကိုက်ညီကြောင်း ထောက်ခံချက်နှင့် အဝါရောင်မျိုးစေ့ ထောက်ခံချက်ကတ်ပြား ထုတ်ပေးကြောင်း ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်မေကြွယ်ဝင်းက ဆွေးနွေးပြောကြားခဲ့သည်။

 

ထွန်းမြင့်အောင်(ရွှေဘို)