ရွှေဘို  ၉  နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ရွေးကောက်ပွဲနေ့ညပိုင်း၌ မဲရုံများတွင် မဲရေတွက်နေစဉ် အချိန် အမှတ် ၇ ရပ်ကွက်အတွင်း လူနေအိမ်တစ်လုံး၌ ဖယောင်းတိုင်မီးထွန်းရာမှတစ်ဆင့် မီးကူးစက်ကာ  မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၈ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်၊ ချီပါစုရပ်တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းအရ ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး ဦးအေးမြင့် ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၄)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၆)ဦး၊ ပြည်သူ(၁၅၀)ဦးနှင့် ရဲတပ်ဖွဲ့ဝင် (၁၇)ဦးတို့မှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည(၉)နာရီ (၅၆)မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ည(၁၀)နာရီခန့်တွင်  မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်မှုအကြောင်းအရင်းမှာ အိမ်ရှင် ဦးတင်မိုးဝင်း၏ (အလျား ပေ ၃၀၊ အနံ ပေ ၂၀၊ အမြင့် ၈ ပေ)ရှိ သွပ်မိုး၊ ထရံကာ မြေစိုက်နေအိမ်အတွင်းရှိ ရေခဲသေတ္တာပေါ်တွင် တင်ထားသော ဆိုင်ကယ်ဦးထုပ်ပေါ်၌ ဖယောင်းတိုင် မီးထွန်းရာ အနီးရှိထရံသို့ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆသူ ဦးတင်မိုးဝင်း အား ရွှေဘိုမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ထွန်းမြင့်အောင်(ရွှေဘို)