ရွှေဘို ၁၁ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ၂၃၀ ကေဗွီ နဘား - ရွှေဘို - အုန်းတော မဟာဓာတ်အားလိုင်း(၁၇၈.၅၆)မိုင်နှင့် ၂၃၀ / ၃၃ / ၁၁ ကေဗွီ ၁၀ဝ အမ်ဗွီအေ ရွှေဘိုပင်မ ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၁ ရက် နံနက် ၉ နာရီက ရွှေဘိုပင်မဓာတ်အားခွဲရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဖွင့်ပွဲအခမ်းအနားနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ CET ကုမ္ပဏီမှ Mr. Yu Jum က မဟာဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီး၊ ဒေသခံပြည်သူတစ်ဦးဖြစ်သူ ဦးချစ်ကိုကိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးသန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်း၊ ရွှေဘိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေဇင်လတ်၊ ရွှေဘိုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုး၊ Economic and Commercial Counselor Mr. Tan Shufu နှင့် CCPG ကုမ္ပဏီမှ ကိုယ်စားလှယ်တစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့က ၂၃၀/ ၃၃ / ၁၁ ကေဗွီ ၁၀ဝ အမ်ဗွီအေ ရွှေဘိုပင်မဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာသူများနှင်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့က ရွှေဘိုပင်မဓာတ်အားခွဲရုံမှ လျှပ်စစ်ဗို့အား ပြည့်မီစွာ ဖြန့်ဖြူးမှုအား စက်ခလုပ်ကိုနှိပ်၍ ပို့လွှတ်ဖြန့်ဖြူးပေးခဲ့ပြီး၊ တက်ရောက်လာသူများနှင့် ရွှေဘိုပင်မဓာတ်အားခွဲရုံ Control room အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးနိုင်ရေးအတွက် ၂၃၀ ကေဗွီ နဘား - ရွှေဘို - အုန်းတော မဟာဓာတ်အားလိုင်းနှင့် ရွှေဘိုပင်မဓာတ်အားခွဲရုံ တည်ဆောက်ခြင်းစီမံကိန်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ကြီးကြပ်၍ တရုတ်နိုင်ငံ CCPG ကုမ္ပဏီက ၂၀၁၇ ခုနှစ် အောက်တိုဘာလမှ turnkey စနစ်ဖြင့် စတင်တည်ဆောက်ခဲ့ပြီး၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ပြီးစီးခဲ့ရာ၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၄ ရက်မှ စတင်စမ်းသပ်ဖြန့်ဖြူးပေးခဲ့ပြီး၊ စီမံကိန်းပြီးစီးခြင်းအထိမ်းအမှတ်အနေဖြင့် တရုတ်ရုပ်ရှင်ဇတ်ကား နှစ်ကားကို ရွှေဘိုမြို့ TWS ကိုယ်ပိုင်အထက်တန်းကျောင်း၌ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ပထမပတ်က နှစ်ရက်တိုင်တိုင်ပြသပေးခဲရာ ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဓာတ်အားဖြန့်ဖြူးခြင်းနှင့်ပတ်သက်၍ ရွှေဘိုမြို့ အမှတ်(၇) ရပ်ကွက်၊ မြိုက်စုရပ်နေ ဦးခန့်စည်သူက " အရင်ကမီးအဝင်ဗို့အား နည်းလွန်းလို့ မီးသုံးစွဲရတာအဆင်မပြေခဲ့ဘူး၊ နေအိမ်အများစု မီးအားမြှင့်စက်တွေ သုံးစွဲခဲ့ကြရပါတယ်၊ အခု အဲ့ဒီဒုက္ခအေးငြိမ်းသွားပါပြီ၊ ပြည့်ဝတဲ့လျှပ်စစ်ဗို့အားကြောင့် ရွှေဘိုခရိုင်အတွင်း အသေးစား အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တဲ့အတွက် လူမှုစီးပွားဘဝလည်း အရှိန်အဟုန်နဲ့ဖွံ့ဖြိုးတိုးတက်လာမှာပါ၊ ဒါကြောင့် ကျွန်တော်အပါအဝင် ရွှေဘိုခရိုင် အတွင်းရှိ ဒေသခံပြည်သူအားလုံး ပျော်ရွင်နေကြပါတယ်၊ သက်ဆိုင်ရာတာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင်ရှိပါတယ်" ဟု ပြောသည်။
မိုးသောက်(ရွှေဘို)


