ရွှေဘို ၁၅ မေ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် မေ ၁၅ ရက် နံနက် ၈ နာရီခွဲက မြေသယ်ယာဉ် ကျောက်သယ် ယာဉ်များအား ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဆောင်ရွက်ခြင်းကို ရွှေဘိုမြို့ ရန်ကြီးအောင်လမ်း၊ ရန်ကြီးအောင် ပန်းခြံရှေ့၌ ပြုလုပ်ခဲ့သည်။
ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ " ရွှေဘိုမှာ မြေသယ်ယာဉ် ကျောက်သယ်ယာဉ်တွေ ယာဉ်စည်းကမ်းမလိုက်နာကြဘူး။ ညာဘက်ကပ်မမောင်းဘဲ လမ်းအလယ်က မောင်းတယ်။ မြို့တွင်းမှာ အရှိန်မလျှော့ဘဲ မောင်းတယ် ။ တာဝန်ရှိသူကစစ်ဆေးရင် လိုင်စင် မပါဘူး၊ မနိုင်ဝန်တင်မောင်းတာ အဆိုးဆုံးပါပဲ။ အခုလိုကြပ်မတ်စစ်ဆေးမှုတွေ ခဏတိုင်း လုပ်ပေးဖို့ လိုအပ်ပါတယ်" ဟု အမှတ် (၃) ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ဆောင်ရွက်ခြင်းကို အမှတ် (၁၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး (ရွှေဘို) မှ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ၊ ရွှေဘိုမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင် ဝန်ထမ်းများ၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ရာ ယာဉ်လိုင်စင် ယာဉ်မောင်းလိုင်စင်ပြည့်စုံစွာမပါရှိသော မော်တော်ယာဉ် (၁၀) စီး အား အရေးယူ ဆောင်ရွက်ခဲ့ပြီး၊ မော်တော်ယာဉ် (၄၅) စီးအား ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက်ခြင်း၊ လက်ကမ်းစာဆောင်ဖြန့်ဝေခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း အမှတ် (၁၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး (ရွှေဘို) မှ ဒုတိယရဲမှူး ကျော်ဦးက ပြောသည်။
မိုးသောက် (ရွှေဘို)


