ရွှေဘို၊  ၂၂  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မှတ်ပုံတင်ထားသည့် အလုပ်သမား(၂၀၁၅)ဦးအား  လူမှုဖူလှုံရေးထောက်ပံငွေ ကျပ်သိန်း(၁)ထောင်ကျော် ပေးအပ်နိုင်ခဲ့ကြောင်း  ရွှေဘိုမြို့နယ်လူမှုဖူလုံရေးရုံးခွဲ မှသိရသည်။

 

၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ အလုပ်သမား(၅)ဦးနှင့်အထက် အလုပ်လုပ်ကိုင်လျက်ရှိသည့် အလုပ်ဌာနများသည် သက်ဆိုင်ရာရုံးခွဲများတွင် မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ပြီး ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်အတွက် အလုပ်ရှင်မှ(၂)ရာခိုင်နှုန်း၊ အလုပ်သမားမှ (၂)ရာခိုင်နှုန်း ကိုလည်ကောင်း၊ အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်အတွက် အလုပ်ရှင်မှ (၁) ရာခိုင်နှုန်းကို လည်ကောင်း လစဉ်ပေးသွင်းရမည်ဖြစ်သည်။ 

 

 ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်  ထိုသို့ လူမှုဖူလုံရေးအကျုံးဝင်သော အလုပ်ဌာန၊ အလုပ်သမားများ အတွက် မကျန်းမာမှု၊ မီးဖွားမှု၊ နာရေးစရိတ်၊ အလုပ်ခွင်ထိခိုက်ဒဏ်ရာ ရရှိမှု အကျိုးခံစားခွင့်များနှင့် ကိုဗစ်-၁၉ ကာလအတွင်း လူမှုဖူလုံရေးထောက်ပံ့ကူညီမှု စသည့်အကျိုးခံစားခွင့် များအတွက် အကျုံးဝင်အလုပ်သမား(၂၀၁၅)ဦးအား ထောက်ပံ့ငွေစုစုပေါင်းငွေကျပ် သိန်း ၁၀၄၀ နှင့် ၈ သောင်း ၃ ထောင်ကို  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ရွှေဘိုမြို့နယ်လူမှုဖူလုံရေးရုံးခွဲမှ ဦးစီးအရာရှိ ဒေါ်စိုးသန္တာထွန်း ထံမှသိရသည်။

 

ရွှေဘိုမြို့နယ်တွင် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ ယနေ့အချိန်ထိ မှတ်ပုံတင်ထားသော အလုပ်ဌာနပေါင်း (၃၃၄) ဌာန ရှိပြီး အကျုံးဝင်အလုပ်သမား(၃၈၃၄)ဦး ရှိကြောင်း မြို့နယ် ရွှေဘို လူမှုဖူလုံရေးရုံးက သိရှိရသည်။

 

ထွန်းမြင့်အောင်(ရွှေဘို)