ရွှေဘို ၆ မေ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် ညမထွက်ရ အမိန့်လိုက်နာခြင်းမရှိသူ ၁၁ ဦးကို ထောင်ဒဏ်သုံးလစီ ချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၄ ရက် ည ၁၁ နာရီက ရွှေဘိုမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆန်းဦးနှင့် ရွှေဘိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွှေဘိုမြို့ပေါ်အတွင်း အကြောင်းမဲ့ သွားလာနေသော ရွှေဘိုမြို့နယ် ရွာဆိုးကျေးရွာနေ စိုးကြည် (၄၈ နှစ်)၊ မင်းကုန်းကျေးရွာနေ စည်သူအောင် (၂၃ နှစ်)၊ ဆင်မြေကျေးရွာနေ တင့်ဝေ (၃၉ နှစ်)၊ ဝက်လက်မြို့နယ် စိုင်နိုင်ကြီးကျေးရွာနေ ဇော်မိုးထွန်း (၂၄ နှစ်)နှင့် နေရပ်တူ အောင်ဆုပိုင် (၁၉ နှစ်)၊ ရဲမင်းဝင်း (၂၆ နှစ်)၊ ရွှေဘိုမြို့နယ် ကြက်တက်ရွာနေ ဘိုဘို (၂၃ နှစ်)နှင့်နေရပ်တူ စိုးကိုကို (၂၃ နှစ်)၊ ခင်ဦးမြို့နယ် မန်ကျည်းတုံကျေးရွာနေ မောင်မောင်လင်း ( ၃၀ နှစ်)၊ ရွှေဘိုမြို့နယ်၊ ညောင်ကန်ကျေးရွာနေ မောင်ဖြိုး (၂၈ နှစ်) ၊ ရွှေဘိုမြို့အမှတ်(၄)ရပ်ကွက်နေ နေလင်းအောင် (၃၈ နှစ်) တို့အား ခိုင်လုံသောအကြောင်းအရာ တစ်စုံတစ်ရာ ဖြေဆိုနိုင်ခြင်းမရှိဘဲ အကြောင်းမဲ့သွားလာနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ရွှေဘိုမြို့မရဲစခန်းတွင် ယာယီထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
အဆိုပါညမထွက်ရအမိန့် လိုက်နာခြင်းမရှိသူ (၁၁) ဦးအား မေ ၅ ရက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရာဇသတ်ကြီးပုဒ်မ - ၁၈၈ ဖြင့် မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ရာ မြို့နယ်တရားရုံးက စိုးကြည် အပါအဝင် (၁၁) ဦးအား ညမထွက်ရအမိန့် ထုတ်ပြန်ချက်အပေါ် လိုက်နာခြင်းမရှိသည့်အတွက် အလုပ်နှင့်ထောင်ဒဏ် (၃)လစီ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
မိုးသောက်(ရွှေဘို)


