ရွှေဘို   ၂၉   အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့တွင် ယမန်နေ့ မွန်းလွဲပိုင်းက ရွှေဘိုမြို့ ခုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ သုံးမြွှာပူး(မ)တို့ကို အောင်မြင်စွာ ခွဲစိတ်မွေးဖွားနိုင်ခဲ့ကြောင်း ရွှေဘိုပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစောသက်လျာအောင် ထံမှသိရသည်။

 

ရွှေဘိုမြို့နယ် သောင်ထွဋ်ကိုင်းကျေးရွာနေ ဦးရာဇာအောင် ၏ဇနီး ဒေါ်ဖြူအေး (သ) ၃၆ နှစ်သည် မီးဖွားရန်အတွက် ရွှေဘိုပြည်သူ့ဆေးရုံကြီး သားဖွားဆောင်သို့ ယမန်နေ့နံနက်ပိုင်းက တက်ရောက်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၅၂ မိနစ်တွင် ကိုယ်အလေးချိန် ၂ ဒသမ ၆ ကီလိုဂရမ်ရှိ ပထမကလေး(မ)ကို လည်းကောင်း၊ မွန်းလွဲ ၂ နာရီ ၅၃ မိနစ်တွင် ကိုယ်အလေးချိန် ၂  ကီလိုဂရမ်ရှိ ဒုတိယကလေး(မ)ကို လည်းကောင်း၊ မွန်းလွဲ ၂ နာရီ ၅၄ မိနစ်တွင် ကိုယ်အလေးချိန် ၂ ဒသမ ၃၇ ကီလိုဂရမ်ရှိ တတိယကလေး(မ) ကို လည်းကောင်း သားဖွားမီးယပ်အထူးကုဆရာဝန် ဒေါက်တာ မြတ်သဉ္ဇာနွယ်၊ မေ့ဆေးအထူးကုဆရာဝန်ကြီး ဒေါက်တာ လှလှ နှင့် ဆရာဝန်များ သူနာပြုများ ကျန်းမာရေး ဝန်ထမ်းများက သုံးမြွှာပူး (မ) တို့ကို ကျန်းမာစွာ ခွဲစိတ်မွေးဖွားနိုင်ခဲ့ကြောင်း သိရသည်။

 

ယခုမီးဖွားခြင်းမှာ တတိယအကြိမ်မြောက်ဖြစ်ပြီး၊ ပထမအကြိမ်မီးဖွားရာ၌ သမီးမိန်းကလေးတစ်ဦး မွေးဖွားခဲ့ပြီး၊ ဒုတိယအကြိမ်မီးဖွားရာ၌ သမီးမိန်းကလေး အမြွှာ မွေးဖွားခဲ့ကြောင်း သိရသည်။

 

သုံးမြွှာပူးမွေးဖွားခြင်းနှင့် ပတ်သက်၍ မိခင်ရော အမြွှာသုံးယောက်ပါ အားလုံးကျန်းမာလျက်ရှိကြောင်း ရွှေဘိုပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစောသက်လျာအောင်က ပြောသည်။

မိုးသောက်(ရွှေဘို)