ရွှေဘို  ၃၀  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမတွင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် လက်ရေးလှပြိုင်ပွဲကို ဇန်နဝါရီ ၂၉ ရက်၊ နံနက် ၁၀ နာရီက ကျင်းပသည်။

 

ရှေးဦးစွာ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှုး ဦးမျိုးမင်းဇော်က ပြိုင်ပွဲများ ကျင်းပရခြင်းနှင့်ပတ်သက်၍ ကျောင်းနေအရွယ် ကလေးသူများ မိမိတို့၏ ဉာဏ်ရည် ဉာဏ်သွေးများကို ဖော်ထုတ်၍ အချင်းချင်း ယှဉ်ပြိုင်ကြိုးစားလိုစိတ်များ ပေါ်ပေါက်စေရန် လည်းကောင်း ရုံးစာကြည့်တိုက်သို့ အလွယ်တကူ ဝင်ရောက်ပြီး အသိပညာဗဟုသုတ ရရှိသော စာအုပ်စာပေများ ဖတ်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက်  ဆေးရောင်ခြယ်ပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၄၇)ဦး၊ လက်ရေးလှပြိုင်ပွဲတွင် မူလတန်းအဆင့် (၂၃)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

 

ဆက်လက်၍ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် လက်ရေးလှပြိုင်ပွဲမှ ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို ခရိုင်ဦးစီးမှူး ဦးမျိုးမင်းဇော်နှင့် မြို့နယ်ဦးစီးမှူး ဒေါ်အိသက်ခိုင် တို့မှ ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထွန်းမြင့်အောင်(ရွှေဘို)