ရွှေဘို ၁၇ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် ခရိုင်အဆင့် စံပြမြစိမ်းရောင်ကျေးရွာဆုချီး မြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရွှေဘိုခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင်ကျင်းပသည်။
ရှေးဦးစွာ ရွှေဘိုခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်က မြစိမ်းရောင်စီမံကိန်းလုပ်ငန်းသုံးသပ်ဆွေးနွေးပွဲနှင့် ခရိုင်အဆင့် မြစိမ်းရောင်ကျေးရွာ ရွေးချယ်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးရှင်းလင်း ပြောကြားသည်။
ရွှေဘိုခရိုင်အတွင်းတွင် မြစိမ်းရောင်စီမံကိန်း ကျေးရွာ(၁၈၉)ရွာ၊ ကျေးရွာယူနစ်(၁၆၈) ယူနစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၎င်းကျေးရွာများအနက် ခင်ဦးမြို့နယ် အောင်သာ မြစိမ်းရောင်ကျေးရွာမှ ပထမဆု၊ ဝက်လက်မြို့နယ် ကံပုလုပ်မြစိမ်းရောင်ကျေးရွာမှ ဒုတိယဆုနှင့် ရွှေဘိုမြို့နယ် ဆီဆုံကုန်းမြစိမ်းရောင်ကျေးရွာမှ တတိယဆု အသီးသီးရရှိသည်။
ထို့နောက် ရွှေဘိုခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်မှ ပထမဆုရရှိသော အောင်သာကျေးရွာကိုလည်းကောင်း၊ ခရိုင်စီမံကိန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းလွင်မှ ဒုတိယဆုရရှိသော ကံပုလုပ်ကျေးရွာကိုလည်းကောင်း၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်သန်းဦးမှ တတိယဆုရရှိသော ဆီဆုံကုန်းကျေးရွားကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)


