ပုဇွန်တောင် ၂၀ မတ်

ရန်ကုန်အရှေ့ပိုင်းခရိုင် ပုဇွန်တောင်မြို့နယ်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီး၏ (၆၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်တော် လောင်းလှူပူဇော်ပွဲကို မတ် ၂၀ ရက်(တပေါင်းလပြည့်နေ့) ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

 

s1

 

အဆိုပါ ဆွမ်းဆန်တော် လောင်းလှူပူဇော်ပွဲတွင်  ဘုရားအမှူးပြုသော သံဃာတော် (၁၅၀) ပါး နှင့် သီလရှင်(၃၀)ပါး စုစုပေါင်း အပါး(၁၈၀)တို့က စေတီတော်ရှေ့ အရှေ့ဖက် မုခ်ဦးရှေ့ ဦးရွှေဂွန်းလမ်းမှ စတင်ပြီး လိပ်ကန်လမ်း- ကွက်သစ်လမ်း- ဇေယျာလမ်း- ရေကျော်လမ်းမကြီး - ဇီဇဝါလမ်း- ဒေါနလမ်း- ဝတ်ကျောင်းလမ်း ဗိုလ်ချုပ် အောင်ဆန်းလမ်း - အိမ်ကြီးလမ်း- ဦးရွှေဂွန်းလမ်းတိုမှ တစ်ဆင့် စေတီတော် အရှေ့ဘက်မုခ်ဦးအထိ တစ်ပတ် အလှူခံကြွရောက်ကြရာ ကုသိုလ်ရှင် ပါရမီရှင် အပေါင်းတို့က စေတနာစွမ်းအားဖြင့် ဆွမ်းဆန်တော်၊ လှူဖွယ်၊ ဝတ္ထု ပစ္စည်းများ လောင်းလှူခဲ့ကြကာ လှူဒါန်းမှု အစုစုအတွက် သာသနဇောတိကဓမ္မာရုံတွင် ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပခဲ့ကြသည်။

 

s2

 

ထို့အပြင် နံနက်ပိုင်း အာရုဏ်တက်ချိန်ကလည်း သံဃာတော်များက ဗုဒ္ဓါဘိသေက ဘုရား အနေကဇာတင် မင်္ဂလာကျင်းပကာ စေတီတော်မြတ်ကြီးကို ဆွမ်း၊ သစ်သီး၊ မုန့်၊ ပန်း၊ ရေချမ်းတို့ ကပ်လှူပူဇော်ပြီး ဆရာတော်သံဃာတော်များအား အာရုံဆွမ်းများ ကပ်လှူပူဇော်ခဲ့ကြကြောင်း သိရှိရသည်။

မောင်အေးချမ်း (ပြန်/ဆက်)