၁၄ ဇန်နဝါရီ
ကမ္ဘာ့အမွေအနှစ်ဒေသတစ်ခုဖြစ်သည့် ပျူမြို့ဟောင်း သရေခေတ္တရာတည်ရှိသည့် ပြည်မြို့သည် မြန်မာ့သမိုင်းတွင် ထင်ရှားသော မြို့တစ်မြို့ဖြစ်ကာ ပျူယဉ်ကျေးမှု အထောက်အထားများစွာ ကျန်ရှိနေသည့် ဒေသဖြစ်သည်။ ပြည်မြို့သို့ ပြည်တွင်းပြည်ပမှ ရောက်ရှိလာကြသူများသည် သရေခေတ္တရာမြို့ဟောင်း၊ သီရိခေတ္တရာပြတိုက်နှင့် ရွှေဆံတော်စေတီသို့ သွားရောက်လေ့ရှိကြသကဲ့သို့ ပြည်မြို့ လမ်းမတော်ရှိ ရွှေဘုန်းပွင့်ဘုရားကြီး စာကြည့်ပိဋကတ်တိုက်နှင့် ယဉ်ကျေးမှုပြတိုက်တို့သို့လည်း သွားရောက်လေ့လာ လေ့ ရှိကြသည်။ အထူးသဖြင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ပုဂံသို့ ရေယာဉ်ဖြင့်သွားကြသည့် ပြည်ပ ခရီးသည်များသည် ပြည်မြို့တွင် သင်္ဘောရပ်နားစဉ် ဧည့်လမ်းညွှန်များနှင့်အတူ ယင်းပြတိုက်သို့ သွားရောက်ကြစမြဲ ဖြစ်ပေသည်။
မြန်မာ့သမိုင်းထဲမှ ပြည်မြို့
ပြည်မြို့သည် မြန်မာနိုင်ငံ အထက်ပိုင်းမှ အောက်ပိုင်းသို့ စီးဆင်းနေသည့်ဝတီမြစ်၏ အချက်အချာကျသော နေရာတွင် တည်ရှိနေသဖြင့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး တို့တွင် အရေးပါသည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ မှတ်တမ်းအရ ပြည်မြို့နယ်အတွင်း၌ ဘုရား၊ စေတီ၊ ပုထိုးပေါင်း ၁၉၀ ရှိသည့် အနက် သရေခေတ္တရာမြို့ဟောင်းရှိ ဘောဘောကြီး။ ဘုရားကြီး ဘုရားမာ၊ ပြည်မြို့ရှိ ရွှေဆံတော်၊ ဆယ်တပ် ကြီး၊ ရတနာထီးဖြူ၊ ရွှေဘုန်းပွင့်နှင့် ပေါင်းတလည်မြို့ရှိ ပေါင်းတလည် စေတီတို့သည် အထူးထင်ရှားကြသည်။ ယင်းမှတ်တမ်းတွင် ပြည်မြို့နယ်ရှိ သမိုင်းဝင်အဆောက်အအုံ ၁၅ ခုကို ဖော်ပြထားသည်။
ရွှေဘုန်းပွင့်ပြတိုက် သမိုင်းနောက်ခံ
ပြည်မြို့ ရွှေဘုန်းပွင့်ဘုရားကြီး စာကြည့်ပိဋကတ် တိုက်နှင့် ယဉ်ကျေးမှုပြတိုက်သည် လမ်းမတော်လမ်း ပေါ်ရှိ ရွှေဘုန်းပွင့်စေတီတော်၏ အင်္ဂါထောင့်တွင် တည်ရှိသည်။ ယင်းစာကြည့် ပိဋကတ်တိုက်နှင့် ယဉ်ကျေးမှုပြတိုက် အသင်း အဆောက်အအုံကို လက်ရှိနေရာတွင် ပြည်မြို့မှ ပွဲစားကြီး ဦးသာနှင့် ဒေါ်ဆိုင်တို့က ခရစ်နှစ် ၁၉၃၁ ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းခဲ့သည်။ အဆောက်အအုံဆောက်လုပ်ပြီးနောက် ပိဋကတ်စာပေနှင့် အခြားစာအုပ် စာတမ်းများကို ထားရှိသဖြင့် ရွှေဘုန်းပွင့်ပိဋကတ်တိုက် ဟု အမည်ပေးခဲ့သည်။ ရွှေဘုန်းပွင့် ပိဋကတ်တိုက်သည် ဒုတိယကမ္ဘာစစ် အတွင်း၌ စစ်ဘေးစစ်ဒဏ်ကြောင့် မီးလောင်ပျက်စီးခဲ့သဖြင့် မြန်မာသက္ကရာဇ် ၁၃၀၈ ခုနှစ်တွင် ပြည်မြို့ဇာတိ စာရေးဆရာ ဒဂုန်ရွှေမျှား၏သားဖြစ်သူ ဦးလှဖေက ပြင်ဆင်ခဲ့သည်။ သို့သော် ယင်း အဆောက်အအုံသည်လည်း မြန်မာသက္ကရာဇ် ၁၃၁၁ ခုနှစ်တွင် လောင်ကျွမ်းခဲ့သည့် ပြည်မြို့ မီးဘေးတွင် ပါဝင်သွားခဲ့သည်။
မြန်မာသက္ကရာဇ် ၁၃၁၂ ခုနှစ် တန်ဆောင်မုန်း လဆန်း ၈ ရက်(၁၉၅၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်) တွင် ရွှေဘုန်းပွင့် ဘုရားဂေါပကအဖွဲ့ နှင့် ဦးကြိုင်တို့ ဦးဆောင်လျက် လူငယ်များ စာဖတ်အသင်းကို ဖွဲ့စည်းခဲ့ရာ ဂေါပကအဖွဲ့က ငွေကျပ် ၁၀၀၀ မည်ပေးခဲ့သည်။ ယင်းအသင်းကို ရွှေဘုန်းပွင့်စေတီဂေါပကအဖွဲ့က ပေးထားသည့် အခန်းငယ်တွင် ဖျာလေးချပ်၊ ဗီရိုတစ်လုံးဖြင့် စတင်ခဲ့သည်။
၁၉၅၈ ခုနှစ်တွင် သမိုင်းပါမောက္ခ ဂျီအိပ်ခ်ျလုစ်နှင့်အဖွဲ့သည် သရေခေတ္တရာသို့ လာရောက်ခဲ့ကြရာ ဦးကြိုင်လည်း လိုက်ပါသွားခဲ့သည်။ ဂျီအိပ်ခ်ျလုစ်ကသရေခေတ္တရာ၏ သက်တမ်းကို မြန်မာ့သမိုင်းတွင်ပါရှိသည့် သက်တမ်းအောက် နှစ် ၁၀၀၀ လျှော့ရန် ပြောဆိုမှုကို လက်မခံနိုင်သဖြင့် စာဖတ်အသင်းသည် မြေပေါ်မြေအောက် အထောက်အထားများ ရရှိနိုင်ရန် သရေခေတ္တရာသို့ ကွင်းဆင်းလေ့လာမှုများကို ပြုလုပ်ခဲ့ကာ သရေခေတ္တရာမှရရှိခဲ့သည့် ပစ္စည်းများကို အများပြည်သူများအား ပြသရန် စီစဉ်ချိန်တွင် မြို့ခံအချို့က မိမိတို့တွင် ရှိထားသည့် ရှေးဟောင်းပစ္စည်းများကို လှူဒါန်းခဲ့ကြသည်။
ယင်းတို့ကို ပြတိုက်ဖွင့်လှစ်ပြသရန် အလျား ၅၉ ပေ။ အနံ ၃၅ ပေနှင့် အမြင့် ၁၂ ပေရှိသည့် အဆောက်အအုံကို ဦးလှဖေနှင့် ဒေါ်တင်ညွန့်တို့ မတည်သော ငွေကျပ်တစ်သောင်းနှင့် အများပြည်သူများ စုပေါင်းလှူဒါန်းငွေများဖြင့် တည်ဆောက်ခဲ့ရာ ကျပ် ၄၅၀၀၀ ကုန်ကျခဲ့သည်။ စာဖတ်အသင်းကို ရွှေဘုန်းပွင့်ဘုရားကြီး စာကြည့် ပိဋကတ်တိုက်နှင့် ယဉ်ကျေးမှုပြတိုက်အသင်းဟုအမည်ပြောင်းခဲ့ကာ ပြတိုက်အဆောက်အအုံကို ၁၉၆၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် ဖွင့်လှစ်ခဲ့သည်။
အသင်း တည်ထောင်ခဲ့စဉ်က ပြည်မြို့ပေါ်တွင် အလှူခံပုံးဖြင့် အလှူငွေ စုဆောင်းသကဲ့သို့ စာအုပ်စာတမ်း များကိုလည်း အလှူခံခဲ့သည်။ အသင်းရန်ပုံငွေ တိုးပွားစေရန် ရန်ကုန်မြို့မှ ရုပ်ရှင်မင်းသား မင်းသမီးများကို ဖိတ်ခေါ်၍ စကားရည်လုပွဲများ ကျင်းပခြင်း၊ ဇာတ်ရုံဆောက်ကာ ဇာတ်ပွဲများ ငှားရမ်းခြင်း၊ စားပွဲကုလားထိုင် ပရိဘောဂများ ငှားရမ်းခြင်း၊ နိဗ္ဗာန်ယာဉ်လက်တွန်းလှည်း ငှားရမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ နိဗ္ဗာန်လှည်း တွန်းရန် ဝန်ထမ်းတစ်ယောက်ခန့်ထားသော်လည်း တစ်ခါတစ်ရံ၌ဝန်ထမ်းမလာသဖြင့် အသင်းလူကြီးများ ကိုယ်တိုင်နာရေးလှည်းကို တွန်းပေးရခြင်းများ ရှိခဲ့ကြောင်း အသင်းအတွင်းရေးမှူး ဦးဇင်သိန်းက ရှင်းပြခဲ့သည်။
ပြည်ထောင်စု ငွေပေလွှာ
ရွှေဘုန်းပွင့် ဘုရားကြီးစာကြည့် ပိဋကတ်တိုက်နှင့် ယဉ်ကျေးမှုပြတိုက်တွင် ထင်ရှားသော စာရေးဆရခကြီး ၅၀ ၏ လက်ရေးမူများ၊ ရဟန်းရှင်လူ စာဆို ၁၃ ဦး၏ ပုံတူ | ပန်းချီကားများနှင့် သရေခေတ္တရာမှ စုဆောင်းရရှိထား သည့် ပစ္စည်းများကို ပြသထားရာ ဆင်းတုတော်များ။ အုတ်ခွက်ဘုရားများ၊ ဒင်္ဂါးများ၊ အရိုးအိုးများ၊ ပျူစာပါ အုတ်ချပ်များ အစရှိသည့် ပျူယဉ်ကျေးမှု အထောက်အထား ရုပ်ဝတ္ထုပစ္စည်းများနှင့် ပေစာများ ၊ ပုရပိုက်များ၊ ဆင်စွယ် ကမ္မဝါစာများကို ပြသထားသည်။ ယင်းတို့အနက် ပြည်ထောင်စုငွေပေလွှာဟုအမည်ပေးထားသည့် ငွေပြား ထုပ်များသည် အထူးစိတ်ဝင်စားဖွယ် ဖြစ်ပေသည်။
ထေရဝါဒ ဗုဒ္ဓဘာသာသည် ပုဂံခေတ် အနော်ရထာ မင်းလက်ထက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း ရာဇဝင်ကျမ်းများတွင် ရေးသားခဲ့ကြသော်လည်း ပျူခေတ်ကတည်းက မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ကိုးကွယ်မှုရှိခဲ့ကြောင်း အထောက်အထား အဖြစ် သရေခေတ္တရာမှ ရွှေပေလွှာများကို တွေ့ရှိခဲ့သည်။
ဗုဒ္ဓဘာသာ ပိဋကတ်သုံးပုံ ကောက်နုတ်ချက်များကို ပျူဘာသာဖြင့် ရေးသားထားသည့် ရွှေပေချပ် ၂၀ ကို ၁၉၂၆ ခုနှစ်က ပျူမြို့ဟောင်း သရေခေတ္တရာ မှော်ဇာရှိ ဦးခင်ဘကုန်းပိုင်ဆိုင်သည့် ယာကွက်အတွင်းရှိ ဌာပနာတိုက်မှ ရရှိခဲ့ကာ ယင်းတို့သည် ခင်ဘကုန်းရွှေပေလွှာများဟု ထင်ရှားခဲ့သည်။
ခင်ဘကုန်းသည် ပျူမြို့ဟောင်း သရေခေတ္တရာ နန်းတော်ရာ၏ အရှေ့တောင်ဘက် ကုလားကန်ကျေးရွာမှ အနောက်တောင်ဘက်သို့ ပေ၂၀၀ အကွာ သာယာဝတီ တံခါးပေါက်အနီး မြို့ရိုးအတွင်း၌ တည်ရှိသည်။ ကျောက်စာဝန် မစ္စတာ ဒူရွိုင်ဇယ်နှင့်အဖွဲ့သည် သရေခေတ္တရာမြို့ဟောင်းကို ၁၉၂၆ - ၁၉၂၇ ခုနှစ်တွင် တူးဖော်ခဲ့စဉ် ကုန်းအလယ်ရှိ ဌာပနာတိုက်မှ ရွှေပေလွှာ အချပ် ၂၀ နှင့်အတူ အေဒီခြောက်ရာစု လက်ရာ ဌာပနာတိုက်ဖုံး သဲကျောက်ပြားအကောင်း နှစ်ချပ်၊ သုံးပိုင်းကျိုးနေသော ကျောက်ပြားတစ်ချပ်၊ ဗောဓိပလ္လင်ပုံစံ ငွေခေါင်းပွကြုတ် အဝိုင်းတစ်ခုနှင့် ရွှေ၊ ငွေ၊ ကြေး ဗုဒ္ဓဆင်းတုတော်များကို ရရှိခဲ့သည်။
ခင်ဘကုန်း ရွှေပေလွှာများတွင် ရေးသားထားသည့် စာများသည် ပိဋကတ်တော် ကောက်နုတ်ချက်များဖြစ်ကာ အိန္ဒိယနိုင်ငံ ရှေးဟောင်း သုတေသနဌာန နှစ်ချုပ်အစီရင်ခံစာ ၁၉၂၆-၁၉၂၇ တွင်ဖော်ပြခဲ့သည်။ ခင်ဘကုန်း ရွှေပေလွှာတစ်ချပ်စီသည် အလျား ၆ ဒသမ ၅ လက်မ၊ အနံ ၁ ဒသမ ၂၅ လက်မရှိ ကာ ရွှေပေလွှာ အချပ် ၂၀ ကို တစ်ချပ်စီထပ်၍ အပေါ်နှင့်အောက်မှ အရွယ်တူ ရွှေပေလွှာနှစ်ချပ် ညှပ်ကာ ရွှေကြိုးဖြင့်စည်းထားသည်။ အပေါ်အောက် ညှပ်ထားသည့် ရွှေပေချပ်နှစ်ခု အပါအဝင် ရွှေပြား၂၂ ချပ်၏ အလေးချိန်သည် ၂၃ ကျပ် ၁၄ ပဲ နှင့် ၂ ရွေး ဖြစ်သည်။
ပျူယဉ်ကျေးမှု အထောက်အထား ရွှေပေလွှာများကို ပညာရှင်များက သုတေသန ပြုလုပ်ခဲ့ကြပြီး သုတေသန စာတမ်းများ၊ စာအုပ်များကို ရေးသားခဲ့ကြသည်။
ရွှေပေလွှာတွင် ရေးသားထားသည့် လက်ရေးများသည် အိန္ဒိယနိုင်ငံတောင်ပိုင်း ရှေးဟောင်းတေလဂူကမှ အက္ခရာများနှင့် ပုံသွင်တူညီကြောင်း ဆရာကြီး ဦးစိန်မောင်ဦးက မှတ်ချက်ပြုခဲ့ကာ ရွှေပေလွှာများ ရေးသားခဲ့သော ခေတ်ကာလကို ခရစ်နှစ် ၄ ရာစုနှင့် ၅ ရာစုအကြားဟု ခန့်မှန်းသတ်မှတ်နိုင်ကြောင်း သီရိပျံချီ ဦးမြက ရှေးဟောင်းမြန်မာ အက္ခရစာတမ်းတွင် သုံးသပ်ခဲ့သည်။
ခင်ဘကုန်းတွင် စိုက်ထူထားသော အချက်အလက်များတွင် ရွှေပေလွှာပေါ်၌ ရေးသားထားသော အက္ခရာများသည် အိန္ဒိယနိုင်ငံတောင်ပိုင်း ဣသျှဝါကု မင်းဆက်သုံး ဗြဟ္မီအက္ခရာမှ ပြောင်းလဲတီထွင်ထားသော ပျူအက္ခရာများဖြစ်ကြောင်း ဖော်ပြထားသည်။
ဆရာမကြီး ဒေါ်သန်းဆွေက “ခင်ဘကုန်း ရွှေပေလွှာများက ခရစ်နှစ် ငါးရာစုက ပျူလူမျိုးများ၏ ဘာသာရေး အမြင်နှံ့စပ် ကြွယ်ဝနက်ရှိုင်းပုံနှင့် စီစဉ်တင်ပြသည့် အစီအမံသည် အံ့မခန်းဖြစ်ကြောင်းကို ဖော်ပြနေသည်” ဟု သုံးသပ်ခဲ့သည်။ ရွှေပေလွှာများတွင်ရေးသားထားသည့် ပါဠိတော်များသည် ဗုဒ္ဓဘာသာ ပိဋကတ်သုံးပုံဖြစ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များမှ ကောက်နုတ်ထားခြင်း ဖြစ်သောကြောင့် ပျူလူမျိုးများသည် ပိဋကတ်စာပေများကို နှံ့နှံ့စပ်စပ် နားလည်သိရှိထားကြောင်း ယူဆနိုင်ပေသည်။ ယင်းအချက်က မြန်မာနိုင်ငံတွင် ပုဂံခေတ်မတိုင်မီ ပျူယဉ်ကျေးမှု ထွန်းကားခဲ့ချိန်မှစ၍ ထေရဝါဒပိဋကတ်စာပေများရှိနေကြောင်း ဖော်ညွှန်းလျက် ရှိသည်။
ခင်ဘကုန်း ရွှေပေလွှာများကဲ့သို့ပင် ပိဋကတ်စာ ကောက်နုတ်ချက်များကို ရေးသားထားသည့် မောင်ကန် ရွှေပေလွှာ နှစ်ချပ်နှင့် အခြားရွှေပေလွှာ တစ်ချပ်ကို ၁၉၂၈ ခုနှစ်တွင် သရေခေတ္တရာမှပင် တွေ့ရှိခဲ့သည်။
ပျူခေတ် ဗုဒ္ဓဘာသာဆိုင်ရာ အထောက်အထား တစ်ရပ်ဖြစ်သည့် ခင်ဘကုန်းရွှေပေလွှာတွင် ရေးထိုးထားသည့် စာများကို ပျူအက္ခရာဖြင့် အချပ် ၂၀၀၊ မြန်မာအက္ခရာ ဖြင့် အချပ် ၂၀၊ ကရင်အက္ခရာဖြင့် အချပ် ၂၀၊ ရှမ်း အက္ခရာ ဖြင့် ၃၄ ချပ်။ မွန်အက္ခရာဖြင့် အချပ် ၄၀ နှင့် မြန်မာ စကား ပြေ ပြန်ဆိုထားသည့် အချပ် ၄၀ ကို ငွေပြားများပေါ်တွင် ရေးထိုးခဲ့သည်။ ယင်း ငွေပေ ၁၇၄ ချပ်ကို ပြည်ထောင်စု ငွေပေလွှာများဟု အမည်ပေးလျက် ရွှေဘုန်းပွင့်ဘုရား ကြီး စာကြည့်ပိဋကတ်တိုက်နှင့် ယဉ်ကျေးမှုပြတိုက်တွင် ပြသထားသည်။ ယင်းတို့ကို မြန်မာသက္ကရာဇ် ၁၃၃၃ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ (ခရစ်နှစ် ၁၉၇၁ ခုနှစ် နိုဝင်ဘာလ ၂ ရက်) တွင် ရွှေဘုန်းပွင့် ပိဋကတ်တော် စင်မြင့်သို့ အခမ်းအနားဖြင့် တင်ထားပူဇော်ခဲ့သည်။
သမိုင်းဝင်အမြောက်နှစ်လက်
ရွှေဘုန်းပွင့် ဘုရားကြီးစာကြည့်ပိဋကတ်တိုက်နှင့် ယဉ်ကျေးမှုပြတိုက် အဝင်လှေကားတစ်ဖက်တစ်ချက်၌ သံအမြောက်နှစ်လက်ကို မြင်တွေ့ကြရသည်။ ယင်း အမြောက်နှစ်လက်အနက် တောင်ဘက်မှ အမြောက်ကို စစ်ကြိုခေတ်က အင်္ဂလိပ်အရေးပိုင်နေထိုင်ခဲ့သည့် ခြံဝင်းအတွင်းမှ ရရှိခဲ့ကာ မြောက်ဘက်မှအမြောက်ကို ရေဝတီမြစ်အတွင်းမှ ဆယ်ယူရရှိခဲ့သည်။
ချုံနွယ်များဖြင့် ပိတ်နေခဲ့သည့် အရေးပိုင်ခြံဝင်းအတွင်းမှ အမြောက်သည် မြေကြီးထဲသို့ မြုပ်နေခဲ့ပြီး မြေပေါ်သို့တစ်စွန်းတစ်စ ထွက်နေသည့် သံတုံးကြီးတစ်ခုအဖြစ် ရှိနေခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ယင်းသံတုံးကြီးကို လူတစ်ဦးက တူးဖော်ရာမှ အမြောက်ကြီးပေါ်ထွက်လာခဲ့သဖြင့် ပိဋကတ်တိုက်သို့လှည်းဖြင့် သယ်ယူ၍ ပြတိုက်အဝ၌ ထားရှိခဲ့သည်။
၁၈၅၂ ခုနှစ် မေလတွင် မဟာဗန္ဓုလ၏သား သုံးဆယ်ဝန်ကြီး မောင်မောင်ကြီးသည် သာယာဝတီတွင် တပ်စွဲနေပြီး ပြည်မြို့ ဧရာဝတီမြစ်ကမ်းတွင် အမြောက်နှစ်လက်ဖြင့် တပ်ခွဲတစ်ခုထားရှိကာ အင်္ဂလိပ်တို့ ရေကြောင်းမှ ချီလာလျှင် တိုက်ခိုက်နိုင်ရန် ပြင်ဆင်ခဲ့သည်။ ဇူလိုင်လ ၉ ရက်တွင် ပြည်မြို့သို့ အင်္ဂလိပ်တပ်များ ချီလာချိန်တွင် မြန်မာတပ်ခွဲသည် အမြောက်နှစ်လက်ကို စွန့်ကာ ဆုတ်ခွာခဲ့ရပြီးနောက် အင်္ဂလိပ်တို့က ပြည်မြို့ကို သိမ်းယူ၍ မြန်မာ အမြောက်၂၂ လက်ကို ဖျက်ဆီးပြီး ဧရာဝတီမြစ်အတွင်းသို့ ပစ်ချခဲ့သည်။ ယင်းအမြောက် များအနက် ပြန်လည်ရရှိခဲ့သည့် အမြောက်တစ်လက်နှင့် အရေးပိုင်ခြံအတွင်းမှ ရရှိခဲ့သည့် အမြောက်ကို ရွှေဘုန်းပွင့် ဘုရားကြီးစာကြည့် ပိဋကတ်တိုက်နှင့် ယဉ်ကျေးမှုပြတိုက်တွင် ပြသထားရာ သမိုင်းဝင်ပစ္စည်း များအဖြစ် လေ့လာနိုင်ကြပေသည်။
ရွှေဘုန်းပွင့် ဘုရားကြီး စာကြည့်ပိဋကတ်တိုက်နှင့် ယဉ်ကျေးမှုပြတိုက်တွင် စာကြည့်တိုက်ဖွင့်လှစ်၍ စာအုပ် ၈၁၁၈ အုပ်ကို ထားရှိသည်။ နေ့စဉ် သတင်းစာ နှစ်စောင်၊ အပတ်စဉ် ဂျာနယ် ၁၇ စောင်နှင့် လစဉ်ထုတ်မဂ္ဂဇင်းများကို ထားရှိပြီး နေ့စဉ်စာဖတ်သူ ဦးရေ ၁၀၀ ဝန်းကျင်ရှိသည်။
ပြတိုက်တွင် ကျောက်ခေတ်မှစ၍ ခေတ်အဆက်ဆက် ရှေးဟောင်းပစ္စည်း ၁၆၅ မျိုး၊ အရေအတွက် ၆၂၉ ခုကို ပြသထားပြီး သုတေသန ပြုလုပ်သူများအား လိုအပ်သော အထောက်အထားများ ကူညီပေးလျက်ရှိရာ မဟာဘွဲ့ စာတမ်းရှင် ၃၀ နှင့် ပါရဂူဘွဲ့ စာတမ်းရှင်နှစ်ဦးကို ကူညီပံ့ပိုးပေးနိုင်ခဲ့သည်။
သရေခေတ္တရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက် ရာတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်လျက်ရှိသည့် ပြည်မြို့ ရွှေဘုန်းပွင့်ဘုရားကြီး စာကြည့်ပိဋကတ်တိုက်နှင့် ယဉ်ကျေးမှုပြတိုက်သို့ ရှေးဟောင်းသုတေသန မျိုးဆက်သစ်များနှင့်အတူ လေ့လာရေး ရောက်ရှိခဲ့ချိန်တွင် ရွှေဘုန်းပွင့်ဘုရားကြီး စာကြည့်ပိဋကတ်တိုက်နှင့် ယဉ်ကျေးမှုပြတိုက်အသင်းကြီး အဓွန့်ရှည်စွာ တည်တံ့လျက် ပြတိုက်ကို ထိန်းသိမ်းစောင့်ရှောက် နိုင်ကြပါစေကြောင်း ဆုမွန်ပြုခဲ့ပါသည်။ ။
မောင်သာ (ရှေးဟောင်းသုတေသန)
ကိုးကား
ပြည်မြို့နယ် ဒေသဆိုင်ရာအချက်အလက်များ (ပြည်ထဲရေးဝန်ကြီးဌာန)၊ ပျူစာ ခင်ဘရွှေပေလေ့လာချက် (ဒေါ်သန်းဆွေ) ရွှေဘုန်းပွင့် စာကြည့်တိုက်နှင့် ပြတိုက်ငွေရတုမဂ္ဂဇင်း(၁၉၇၉) ဦးဇင်သိန်းနှင့် တွေ့ဆုံမေးမြန်းမှုများ