နေပြည်တော် အောက်တိုဘာ ၁

 

လှိုင်းဘွဲမြို့နယ်ရှိ ရေဘုတ်ရေလှောင်တမံသည် စိစစ်စပါး စိုက်ဧက ၁၅၅၀ ရှိပြီး လက်ရှိတွင် မိုးစပါးစိုက်ဧက ၁၁၉၂ ဧကအတွက် စိုက်ပျိုးရေ ပေးဝေးလျက်ရှိကြောင်း မြိုနယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။

 

“ဒီရေလှောင်တမံကနေ စိုက်ပျိုးရေပေးဝေရာမှာ တူမြောင်းမကြီး (၁) ခု၊ လက်တံမြောင်း (၆) ခုနဲ့ တိုက်ရိုက်ရေပေးမြောင်း (၂၁) ခုကနေ ရေပေးဝေလျက်ရှိပါတယ်။ လှိုင်းဘွဲ မြို့နယ်မှာရှိတဲ့ ထီလုံ၊ တပုထို၊ သမ္ဘာန်၊ နောင်သငဲ့ စတဲ့ ကျေးရွာအုပ်စုတွေနဲ့ ကျေးရွာပေါင်း (၆) ရွာမှာရှိတဲ့ စိုက်ပျိုးမြေတွေကို အဓိက ရေပေးဝေလျက်ရှိပါတယ်။ အခု မိုးစပါး စိုက်ချိန်ဖြစ်တဲ့အတွက် တောင်သူတွေအတွက် စိုက်ပျိုးရေ လိုအပ်မှုမရှိအောင် ပေးဝေလျက် ရှိပါတယ်”ဟု လှိုင်းဘွဲမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ခိုင်စိုး ကပြောသည်။

 

mdn

 

ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မိုးစပါး၊ နွေစပါး (သီးထပ်) နှင့် ဆောင်းသီးနှံများအတွက် စိုက်ပျိုးရေ ပေးဝေနိုင်ခဲ့ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။

 

ရေဘုတ်ရေလှောင်တမံသည် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် တည်ရှိပြီး တမံအလျား ပေ ၁၇၇၂၀၊ တမံအမြင့် ၄၆ ပေ၊ ကန်ရေပြည့် ရေလှောင်ပမာဏ ဧက ပေ ၂၈၄၇၄ နှင့် ရေဆင်းဧရိယာ ၁၆ ဒသမ ၂၇ စတုရန်းမိုင်ရှိကာ ထီလုံကျေးရွာအနီးရှိ ရေဘုတ်ချောင်းနှင့် ကစိုင်း ချောင်းတို့ကိုပိတ်၍ တည်ဆောက်ထားခြင်းဖြစ်သည်။ ရေဘုတ် ရေလှောင်တမံကို ၂၀၀၅-၂၀၀၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး တည်ဆောက်ပြီးစီးချိန် ၂၀၁၃-၂၀၁၄ ခုနှစ်မှ စတင်ကာ ဒေသစိုက်ပျိုးရေးအတွက် ဆည်ရေ ပေးဝေလျက်ရှိသည်။

 

“ရေဘုတ်ရေလှောင်တမံ ရေသောက်စနစ်အတွင်းရှိ တောင်သူများကိုယ်တိုင် ပါဝင်သည့် ရေအသုံးချသူများအဖွဲ့ (Water User Group-WUG) အဖွဲ့ပေါင်း ၁၂ ဖွဲ့စည်းထားရှိပြီး ယင်းအဖွဲ့များနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်းကာ ဆည်ရေသုံးစွဲမှု စနစ်တကျ ခွဲဝေသုံးစွဲရေး၊ ဆည်ရေရယူရာတွင် အငြင်းပွားမှု ပြဿနာများကို စုပေါင်းညှိနှိုင်း ဖြေရှင်းခြင်း၊ လယ်ကြားမြောင်းများ၊ ရေမြောင်းများကို စနစ်တကျ တူးဖော်ခြင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဦးစီးအရာရှိ ဦးကျော်ခိုင်စိုး က ပြောကြားသည်။

 

ထို့ပြင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနသည် သက်ဆိုင်ရာ ဦးစီးဌာနများနှင့် ပူးပေါင်း၍ ပြည်နယ်အတွင်း တောင်သူများ၏ လူနေမှုဘဝ တိုးတက်မြင့်မားရေးအတွက် တစ်သီးစားမှ နှစ်သီးစား၊ သုံးသီးစားအထိ တိုးမြှင့် စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

သန်းမင်းအောင် (သတင်းစဉ်)