မန္တလေး ၁ မတ်
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအနီးရှိ ရွှေစာရံဘုရား ပွဲတော်ကြီးကို နှစ်စဉ် တပေါင်းလပြည့်မှ လပြည့်ကျော် ၉ ရက်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပွဲတော်မတိုင်မီကပင် လာရောက်လည်ပတ်သူများ စည်ကားလျက်ရှိကြောင်း သိရသည်။
အလုပ်ပိတ်ရက်မို့ သူငယ်ချင်းတွေနဲ့ လာရောက်လည်ပတ်တာပါ၊ ယခင်နှစ်တွေကတော့ မိသားစုနဲ့အတူ ဆိုင်ကယ်နဲ့ လာတာပါ၊ ဒီနေ့ကတော့ သူငယ်ချင်းတစ်ယောက်ကားကြုံတာနဲ့ ပွဲတော်ရက်မတိုင်ခင် ရောက်ဖြစ်တာပါ၊ လာရောက်လည်ပတ်သူတွေ စည်ကားပါတယ်ဟု မန္တလေးမြို့မှ လာရောက်လည်ပတ်သော ကိုဝင်းနိုင် က ပြောကြားသည်။
တပေါင်းလဆန်းလောက်ကတည်းက ဒီမှာ ထန်းရွက်နဲ့ပြုလုပ်တဲ့ မြန်မာမှုပစ္စည်းတွေ လာရောက်ရောင်းချနေ တာပါ၊ ထန်းရွက်ပုတီးဆိုရင် နှစ်ကုံးငါးရာကျပ်၊ ငါးကုံးတစ်ထောင်ကျပ်နဲ့ ရောင်းချပါတယ်၊ ထန်းရွက်ငါး အသေးတွေကတော့ နှစ်ကောင် ငါးရာပါ၊ ထန်းရွက်ငါးကတော့ အရွယ်အစားကြီးရင်ကြီးသလို ဈေးနှုန်းပိုသွားပါတယ်၊ မြန်မာမှုပစ္စည်းတွေကို ကိုယ်တိုင်ပြုလုပ်ရောင်းချတာ ဖြစ်တဲ့အတွက် ဈေးနှုန်းချိုသာပါတယ်၊ ဈေးနှုန်းချိုသာပြီး ပွဲတော်ရဲ့ အထိမ်းအမှတ် ပစ္စည်းလေးတွေ ဆိုတော့ ရောင်းကောင်းပါတယ်၊ အဆိုပါပွဲတော်သို့ လာရောက်ရောင်းချနေသော ကျောက်ဆည်မြို့နယ် ညောင်ဝန်းကျေးရွာမှ ကိုယ်တိုင်ပြုလုပ်ရောင်းချသူ တစ်ဦး က ပြောကြားသည်။
“ပွဲတော်ရက်မဟုတ်သေးပေမယ့် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေဖြစ်နေတော့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေ စည်ကားပါတယ်၊ ဘုရားပွဲတော် ဈေးဆိုင်တန်းများတွင် မြန်မာရိုးရာအစားအစာတွေ၊ တောင်သူအသုံးအဆောင်ပစ္စည်းတွေ၊ ထန်းရွက်ဖြင့် ပြုလုပ်သောပစ္စည်းများ၊ ဝါးဖြင့်ပြုလုပ်သော ပစ္စည်းများ၊ သစ်သီးကိုးမျိုးပါဝင်သော ဆွမ်းတော်ပွဲများ လည်းရောင်းချလျက်ရှိကြောင်း၊ ရှမ်းတိုင်းရင်းသားရိုးရာ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ ရှမ်းဒေသထွက်ကုန်တွေ၊ အစားအစာတွေ၊ ရှမ်းတိုင်းရင်း ဆေးဝါးအသုံးအဆောင်ပစ္စည်းတွေ၊ ဆေးဖက်ဝင်သစ်မြစ်၊ သစ်ဥ၊ သစ်ဖု၊ ဆေးပင်ငယ်များ၊ ရောင်းချလျက် ရှိကြောင်း၊ ဒီနှစ်ဘုရားပွဲတော်မှာ ဈေးဆိုင်ခန်းပေါင်း (၁၀၀၀) ကျော်ရှိကြောင်း၊ ဒုဋ္ဌဝတီမြစ်အတွင်း၌လည်း ငှက်လှေစီးသူများ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း” ရွှေစာရံစေတီတော် ဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးပြေငြိမ်း ထံမှသိရသည်။
ရွှေစာရံစေတီတော်အား ပုဂံပြည့်ရှင် အနော်ရထာမင်းကြီး၏ မိဖုရားတစ်ပါးဖြစ်သော ရှမ်းမင်းသမီး စောမွန်လှတည်ထားသော ဘုရားတစ်ဆူဖြစ်ပြီး ရှမ်းလူမျိုးများ အများအပြား လာရောက်သောပွဲတော်တစ်ခု ဖြစ်ရာ ရှမ်းရိုးရာ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာအရ ရှမ်းအိုးစည်ဝိုင်းဖြင့် ကပြ ဂါဝရပြုမှုများလည်း ရှိကြောင်း သိရသည်။ ရွှေစာရံဘုရားပွဲတော်သည် နှစ်စဉ်မြန်မာပြည်အနှံ ဘုရားဖူးပြည်သူများ လာရောက်လျက်ရှိပြီး ကြိတ်ကြိတ်တိုး စည်ကားသော ပွဲတော်တစ်ခုဖြစ်ရာ ပွဲတော်မတိုင်မီကပင် လာရောက်လည်ပတ်သူများ စည်ကားလျက် ရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


