မန္တလေး  ၁၀  မတ်

 

ရွှေစာရံဘုရားပွဲတော်သည် အညာဒေသ၏ ထင်ရှားကျော်ကြားသော ဘုရားပွဲဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအနီးရှိ ရွှေစာရံဘုရား ပွဲတော်ကြီးကို နှစ်စဉ် တပေါင်းလပြည့်မှ လပြည့်ကျော် ၉ ရက်ထိ ကျင်းပလျက်ရှိရာ ရှမ်းတိုင်းရင်းသား ဈေးသည်များ အဓိကလာရောက် ရောင်းချသောကြောင့် ရှမ်းပြည်နယ်ဒေသထွက်ကုန် ပစ္စည်းများ စုံစုံလင်လင် ရရှိနိုင်သော ပွဲတော်တစ်ခုဖြစ်သည်။

 

“ရွှေစာရံဘုရားပွဲတော်မှာ ရှမ်းဈေးတန်းဆိုရင် လူတိုင်းသိတယ်၊ ပွဲတော်လာသူ အများစုကလည်း ရှမ်းဈေးတန်းမှာ ဈေးဝယ်ရတာ ပိုသဘောကျတယ်၊ ဒီဘုရားပွဲမှာ နေရာဒေသအသီးသီးက ရှမ်းလူမျိုးတွေ လာရောက်ကြတယ်၊ ရှမ်းပြည်နယ် နောင်ချို၊ တောင်ကြီး၊ သီပေါ အစရှိတဲ့ရပ်ဝေးက လာရောက်ကြတဲ့ ဈေးသည်များရှိသလို ပြင်ဦးလွင် မြို့နယ်အတွင်းရှိ ခွန်လိန်၊ သပြေကျင်း၊ အောင်ချမ်းသာ၊ သုံးတောင်၊ မြေပုံ အစရှိတဲ့ ကျေးရွာများတွေက လာရောက်ရောင်းချတဲ့ ရှမ်းတိုင်းရင်းသား ဈေးသည်တွေလည်းရှိတယ်။ ဒီနှစ်ဘုရားပွဲတော်မှာ ရှမ်းတိုင်းရင်းသား ဈေးဆိုင်ခန်း (၃၀ဝ) ကျော်၊ ဗမာတိုင်းရင်းသား ဆိုင်ခန်း (၇၀ဝ)ကျော်၊ စုစုပေါင်း ဈေးဆိုင်ခန်းပေါင်း (၁၀ဝ၀)ကျော် ရှိတယ်။ ဗမာတိုင်းရင်းသား ဆိုင်ခန်းတစ်ခန်းကို ငွေကျပ်သုံးသောင်း၊ ရှမ်းတိုင်းရင်းသား ဈေးဆိုင်ခန်းတစ်ခန်းလျှင် ငွေကျပ်နှစ်သောင်းနှုန်း သတ်မှတ်ထားပါတယ်။ ရှမ်းတိုင်းရင်းသား အများစုက ရပ်ဝေးမှ လာရောက်ရောင်းချရတာကြောင့် ခရီးစရိတ်ကာမိအောင် ငွေကျပ်နှစ်သောင်းနှုန်းပဲ ကောက်ခံတာပါ။ ရှမ်းဈေးတန်းမှာ ရှမ်းပြည်နယ်ဒေသထွက် ကုန်ပစ္စည်းများ စုံစုံလင်လင် ရရှိနိုင်ပါတယ်” ဟု ရွှေစာရံဘုရားဂေါပကဥက္ကဋ္ဌ ဦးပြေငြိမ်းက ပြောသည်။

 

ဈေးသည်တွေကို ပွဲတော်မတိုင်မီ တပေါင်းလဆန်း လောက်ကတည်းက COVID-19 ဗိုင်းရပ်ရောဂါ နှင့် ပတ်သက်တဲ့ အသိပညာပေးတာတွေ၊ တခြားကျန်းမာရေးနှင့် ပတ်သက်တွေကိုလည်း အသိပညာမှုတွေ ဆောင်ရွက်ထားကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

 

“အန်တီက ရှမ်းပြည်နယ်နောင်ချိုမြို့ကနေ လာရောက်ရောင်းချတာပါ၊ ဒီမှာ လာရောက်ရောင်းချတာ (၄)နှစ်ရှိပါပြီ။ ဒီပွဲတော်က နှစ်စဉ် ပွဲတော်မတိုင်မီ တပေါင်းလဆန်း (၈)ရက်နေ့ကတည်းက စတင်စည်ကားပါပြီ။ ပွဲတော်ကာလ တပေါင်းလပြည့်နေ့နှင့် လပြည့်ကျော် (၈)ရက်နေ့တွေမှာ အထူးစည်းကားပါတယ်။ အရောင်းအဝယ်ကလည်း အဲဒီရက်တွေမှာ ပိုရောင်းကောင်းပါတယ်။ ဒီနှစ်လည်း ရောင်းတော့ကောင်းပါတယ်။ မနှစ်ကလောက်တော့ ရောင်းမကောင်းသေးဘူး၊ ဗိုင်းရပ်ကြောင့်လို့တော့ ပြောတယ်။ မနှစ်ကထက်စာရင် လာရောက်သူ နည်းတယ်လို့ထင်ပါတယ်” ဟု အဆိုပါ ပွဲတော်ရှမ်းဈေးတန်းတွင် လာရောက်ရောင်းချသူ ဒေါ်မြင့်က ပြောပြသည်။

 

အဆိုပါ ရှမ်းဈေးတန်းတွင် ရှမ်းရိုးရာအစားအစာများ၊ အဝတ်အထည်များ၊ ရှမ်းပြည်နယ်ဒေသထွက်ကုန် စုံစုံလင်လင် ရောင်းချလျက်ရှိကြောင်း သိရသည်။

 

ရွှေစာရံစေတီတော်အား ပုဂံပြည့်ရှင် အနော်ရထာမင်းကြီး၏ မိဖုရားတစ်ပါးဖြစ်သော ရှမ်းမင်းသမီး စောမွန်လှ တည်ထားသောဘုရားတစ်ဆူဖြစ်ပြီး ရှမ်းရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာအရ ရှမ်းအိုးစည်ဝိုင်းဖြင့် ကပြဂါဝရပြုမှုများလည်းရှိကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)