ရန်ကုန်၊ ၇ ဇန်နဝါရီ 

ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် (၁၀၂)ရှိ She Shines Gems & Jewelry Trading Co,Ltd တွင် ဒီဇင်ဘာ ၂၅ ရက်နေ့က ရတနာပစ္စည်းများအား Online မှ ရောင်းချနေစဉ်         “Htoo Htoo Htet Aung” Facebook Account ပိုင်ရှင်မှ (၃၃)သိန်းကျပ်တန် စိန်နားကပ် (၁)ရံအား KBZ Mobile Banking Account မှ ငွေလွှဲ၍ မှာယူခဲ့သည်။

ဒီဇင်ဘာ ၂၆ ရက်နေ့တွင်  ဖုန်းနံပါတ် ၀၉-၉၆၀၉၄၁၈၃၇ ကိုင်ဆောင်သူမှ Viber ဖြင့် ဆက်သွယ်လာပြီး        “Htoo Htoo Htet Aung” Account ဖြင့် မှာယူထားသော စိန်နားကပ်အား မဝယ်ဖြစ်တော့ကြောင်းနှင့် ငွေ(၃၃)သိန်းကျပ်အား ၎င်း၏အမေဖွင့်ထားသည့် Daw Thin Thin Htay အမည်ရှိ KBZ Mobile Banking Account နံပါတ်သို့ ပြန်လည်လွှဲပေးရန် ပြောဆိုသဖြင့် ကုမ္ပဏီသို့ မှာယူပြီးပစ္စည်း မယူတော့သည့်အတွက် ငွေ(၂၃၀,၀၀၀)ကျပ်အား နုတ်ယူပြီး ကျန်ငွေ ၃,၀၇၀,၀၀၀ ကျပ်အား လွှဲပေးခဲ့ကြောင်း၊ 

ဒီဇင်ဘာ ၂၇ ရက်နေ့တွင်  Htoo Htoo Htet Aung Account ပိုင်ရှင်မှ ၎င်းမှာယူထားသော စိန်နားကပ်ရပြီလား ဟု ဖုန်းဖြင့် ဆက်သွယ်လာသဖြင့် ဖုန်းနံပါတ် ၀၉-၉၆၀၉၄၁၈၃၇ ကိုင်ဆောင်သူမှ ငွေကြေးလိမ်လည်ရယူ သွားကြောင်း သိရှိရ၍ ကမာရွတ်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ၊ ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဖုန်းနံပါတ် ၀၉-၉၆၀၉၄၁၈၃၇ ကိုင်ဆောင်သူမှာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၆)ရပ်ကွက်၊ ကြိုးကြာ(၂)လမ်း၊ အမှတ် (၁၂၆၁)နေ ဖြူသက်သက်ခိုင်(ခ)Phyu Khaing ဖြစ်ကြောင်း သိရှိရ၍ ၎င်းအား ဒီဇင်ဘာ ၃၀  ရက်နေ့တွင် အမှုဖြင့်ဖမ်းဆီးစစ်ဆေးရာ အဆိုပါအမှုအား ကျူးလွန်ခဲ့ကြောင်းနှင့် သက်သေခံပစ္စည်း ငွေ(၃,၀၇၀,၀၀၀)ကျပ်အား ပြန်လည် သိမ်းဆည်းရရှိပြီးဖြစ်၍ ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

MDN