နေပြည်တော် ၃ မေ

 

ကမ္ဘာတစ်ခွင်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ စတင်ပျံ့နှံ့ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှစတင်လျှင် ယခုအခါ အချိန်ကာလ လေးလပြည့်ပြီး ငါးလတာကာလသို့ ချင်းနင်းဝင်ရောက်လာပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ ရောဂါ မတ်လ ၂၃ ရက်နေ့မှ စတင်ကူးစက်ဖြစ်ပွားခဲ့ရာ တစ်လကျော် ကြာမြင့်ခဲ့ပြီ ဆိုသော်လည်း ကမ္ဘာတစ်ခွင် ရောဂါစတင်ဖြစ်ပွားသည့် အချိန်ကာလမှစ၍ ရောဂါကာကွယ်ရေးကို နိုင်ငံတော်နှင့် ပြည်သူ ပူးပေါင်း လက်တွဲဆောင်ရွက်ခဲ့ရာ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများကို အတိုင်း အတာတစ်ခုအထိ အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီဟု ဆိုရမည်ဖြစ်သည်။

 

မေလ ၂ ရက်နေ့အထိ မြန်မာနိုင်ငံ၌ ရောဂါကူးစက်ခံရသူပေါင်း ၁၅၁ ဦးရှိခဲ့ပြီး ရောဂါကြောင့် အသက်ဆုံး ပါးသွားသူ ခြောက်ဦးရှိခဲ့သည်။ အသက်ဆုံးပါးသွားသူများမှာ အသက်အရွယ်ကြီးရင့်ပြီး ရောဂါအခံ ရှိနေ၍သာ ဆုံးပါးခဲ့ခြင်းဖြစ်သည်။ ယခုအခါ ရောဂါပျောက်ကင်းသူ ၃၇ ဦးအထိ ရှိနေပြီး အခြားနိုင်ငံများနှင့် နှိုင်းစာလျှင် ရောဂါဖြစ်ပွားမှုအခြေအနေ အသက်သာဆုံးနိုင်ငံများတွင် တစ်နိုင်ငံပါဝင်သည်ဟု ဆိုရမည်ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါကို ရင်ဆိုင်ကျော်လွှားဖြတ်ကျော်ရာတွင် ပြည်ပမှ ဝင်ရောက်လာသူများနှင့် ၎င်းတို့နှင့်ဆက်စပ်၍ ထိတွေ့ခဲ့ကြသူများသာ အဖြစ်များခဲ့ပြီး အသွားအလာမရှိသူများ ကူးစက်ခံရမှုမှာ အတော်နည်းပါး သည်ဟု ဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၌ ပြည်ပတွင်အလုပ်သွားရောက် လုပ်ကိုင်သော ရွှေ့ပြောင်းလုပ်သားများမှာ အမြောက်အမြားရှိပြီး ပထမအသုတ် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသူများတွင် ရောဂါကူးစက်ခံရမှု အလွန်နည်းပါးသည်ဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံသို့ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများ ပထမအသုတ်၌ ထောင်သောင်းချီရှိခဲ့သော်လည်း ရောဂါဖြစ်ပွားသူ ၁၅၁ ဦးသာ ရှာဖွေတွေ့ရှိရသည်မှာ အလွန် နည်းပါးသောပမာဏဟု ဆိုရမည်ဖြစ်သည်။

 

ထို့ကြောင့် ပထမအသုတ်တွင် ကိုဗစ်-၁၉ ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်ပြီဟု ဆိုနိုင်သည်။ ဆက်လက်၍ မေလ ၁ ရက်နေ့မှ စတင်ပြီး သိန်းဂဏန်းအထိများပြားသော မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာမည့် မြန်မာနိုင်ငံသားများ ရောဂါဘယအခြေအနေကို ရှာဖွေစစ်ဆေးပြီး ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်များကို ဆက်လက်ကြိုးပမ်းလုပ်ကိုင် ဆောင်ရွက်ကြရဦးမည်ဖြစ်သည်။ ပထမအချီ လက်တွဲညီညာ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် အစဉ်အလာအတိုင်း ဒုတိယအချီတွင်လည်း ဆက်လက်ဖြတ်ကျော်အောင်မြင်စွာ ကျော်ဖြတ်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

 

ထိုသို့ဆောင်ရွက်နိုင်ခြင်းသည် သက်ဆိုင်ရာဌာနများအထူးသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် အဓိကကျသည့် ပြည်သူပြည်သားများ၏ လက်တွဲပူးပေါင်းဆောင်ရွက်မှု များကြောင့်ဖြစ်ရာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူအားလုံးကို အသိအမှတ်ပြု ဂုဏ်ပြုချီးကျူးကြရမည်ဖြစ်သည်။ ကမ္မနိယာမကို လက်ကိုင်ထားသော မြန်မာနိုင်ငံအဖို့ ကံ ကံ၏အကျိုးကို နားလည်လက်ခံ ထားကြသည်နှင့် အညီ ဤကဲ့သို့ရောဂါဘယဘေးဒုက္ခများ ကြုံတွေ့နေရစဉ်တွင် တစ်ဦး အပေါ်တစ်ဦး ကောင်းသောအမှုများကို လက်တွဲညီညာပြုလုပ်ခြင်းဖြင့် ဘေးဘယာဝေးကွာ ကင်းဝေးစေမည် ဖြစ်သည်။

 

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါဘေးနှင့်တကွ လှိုင်းလေထန်သည့် မုတ်သုံဘေးနှင့် ရာသီကာလဘေး အန္တရာယ်များကို တစ်ယောက်ချင်း တစ်ယောက်ချင်း မမေ့သောသတိတရားဖြင့် လုပ်သင့်လုပ်ထိုက်သော ကိစ္စများကို မှန်မှန်ကန်ကန် ဆက်လက်လုပ်ဆောင်သွားခြင်းဖြင့် ရောဂါဘယ ဘေးဘယာအားလုံးကို အလုံးစုံဖြတ်ကျော်ကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ