ရေဆန် လေဆန်မှာ ခြေကန်လှော်

ကိုရင်သြ - ရေးသားသည်

 

ကမ္ဘာ့နိုင်ငံအသီးသီးသို့ ချင်းနင်းထိုးဖောက် ဝင်ရောက် တိုက်ခိုက်နေသော ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါဘေးမှ ပြည်သူတို့ ကင်းဝေးရလေအောင် အစိုးရအဖွဲ့များက ရတတ်သမျှ အရင်းအမြစ်များကို အသုံးချကာ တိုက်ပွဲဝင် နေကြချိန်တွင် ဂျပန်နိုင်ငံမြောက်ပိုင်းဒေသ၌ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်းရိုက်ပုတ်မှုရှိသည် ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ ကမ္ဘာတစ်လွှားတွင် ဝရုန်းသုန်းကားဖြစ်စေဆဲ ကပ်ရောဂါ ဘေးဆိုးကြီးကို အကြောင်းပြု၍ အုန်းအုန်းကျွက်ကျွက် ပေါ်ထွက်လာနေသော အသံဗလံများကို နားစွင့်နေမိ လေ၏။

 

ချောင်းမြောင်း

 

ကမ္ဘာလူသားတို့ကို မညှာမတာ ရက်ရက်စက်စက် ထောင်းထုနေဆဲ ကိုဗစ်-၁၉ ပိုးသည် လူသားတို့၏ အလစ်အငိုက်ကို ချောင်းမြောင်းလျက်ရှိရကား ယင်းပိုး၏ လျှပ်တစ်ပြက် ဝင်ရောက် တိုက်ခိုက်တတ်ပုံကို သင်ခန်းစာ ပေးသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရ၏။

 

ဂျပန်နိုင်ငံမြောက်ပိုင်းတော့ကိုင်းဒိုးကျွန်း၌ ပြည်သူ တို့၏ အသွားအလာ၊ အကူးအလူးနှင့် အနေအထိုင်တို့ကို ပိတ်ပင်သည့်အစီအမံများကို မတ် ၁၉ ရက်မှစ၍ ရက်သတ္တပတ်သုံးပတ်ကြာမျှ ဆောင်ရွက်ခဲ့ပြီးနောက် ပြန်လည်ဖြေလျှော့မှုပြုလုပ်ခဲ့ရာ ရက်သတ္တပတ် တစ်ပတ်တာ ကာလအတွင်းမှာပင် ရောဂါကူးစက်ခံရသူ ၁၃၅ ဦးအထိ ရောက်ရှိခဲ့သည်။ ရောဂါကူးစက်မှု ရပ်တန့် သွားသော အခြေအနေသို့ရောက်ရှိပြီးခါမှ ဒုတိယလှိုင်းအဖြစ် ရောဂါကူးစက်ခံရသူဦးရေ တစ်မုဟုတ်ချင်း ခုန်တက်ခဲ့ရသည့် ဖြစ်ရပ်ပါပေ။

 

လူဦးရေ ၅ ဒသမ ၃ သန်းနေထိုင်ရာ ဟော့ကိုင်းဒိုး ကျွန်း၏ ဖြစ်အင်သည် ကပ်ရောဂါဖြေလျှော့ပေးရာတွင် ဖြစ်ပေါ်လာနိုင်အံ့သော ရောဂါကူးစက်မှု ဒုတိယလှိုင်း" ကို ကျွန်ုပ်တို့ သတိကြပ်ကြပ်ထားကြရပေအံ့။

 

ယခုအချိန်မူ ဂျပန်အစိုးရအဖွဲ့က အရေးပေါ် အခြေအနေ သက်တမ်းတိုးရန် ပြင်ဆင်လျက်ရှိသည်။ ကိုရိုနာပိုး နောက်တစ်ကြိမ် တစ်ဟုန်ထိုးကူးစက်မှုမှ ကာကွယ်ရန်အလို့ငှာ လူမှုရေးခွာဟမှု” (ဝါ) ခပ်ခွာခွာ နေထိုင်ခြင်း ကန့်သတ်ချက်ကို ဆက်လက်ကျင့်သုံးသင့် သည်ဟု ဂျပန်စီးပွားရေးပြန်လည်ရှင်သန်ရေးဝန်ကြီး နီရှိမူရ ယာစုတိုရှိက မေ ၁ ရက်တွင် ပြောကြားခဲ့သည်။ နီရှိမူရသည် ဂျပန်အစိုးရ၏ ကပ်ရောဂါတုံ့ပြန်ရေးအဖွဲ့ အကြီးအကဲလည်း ဖြစ်သည်။

 

ဂျပန်နိုင်ငံ၌ မေ ၆ ရက်အထိ အကျုံးဝင်သော နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ အာဏာသက်ဝင်မှုကိုနောက်ထပ်တစ်လခန့် သက်တမ်းတိုးမည်ဟု မျှော်လင့်ရ သည်။ သက်တမ်းတိုးရေး ဆုံးဖြတ်ချက်ကို အစိုးရအဖွဲ့က မေ ၄ ရက်တွင် ချမှတ်နိုင်ဖွယ်ရှိသည်။  မြို့တော်တိုကျိုနှင့် ခရိုင် ၁၂ ခုတွင် ထိန်းချုပ် ကန့်သတ်မှုများကို ဆက်လက်တင်းကျပ်ထားရန် ကိုဗစ်ပိုး ထိန်းချုပ်ရေးကျွမ်းကျင်သူ ပညာရှင်များအဖွဲ့က အကြံပြုထားသည်။

 

ကိုရိုနာပိုး ခေါင်းထောင်နေ

 

လူပေါင်း ၁၄၀ဝ၀ ကျော် ရောဂါကူးစက်ခံရမှုရှိသော ဂျပန်နိုင်ငံတွင် ကိုဗစ်ပိုးကူးစက်မှု၏ အချက်အချာ ဒေသမှာ မြို့တော်တိုကျိုဖြစ်ပြီး နိုင်ငံတစ်ဝန်း ရောဂါဖြစ်ပွားသူဦးရေ၏ သုံးပုံတစ်ပုံခန့် ၄၃၁၇ ဦး ရှိသည်။ ကာနာဂါဝါ၊ ဆိုင်းတာမ၊ ချိဘနှင့် ဟော့ကိုင်းဒိုး ခရိုင်တို့မှာ ကိုရိုနာပိုး ခေါင်းထောင်နေသော အရပ်ဒေသ များဖြစ်ကြသည်။

 

ထိုစဉ်အတွင်း ဂျပန်နိုင်ငံ၏ ကိုဗစ်တိုက်ဖျက်ရေး တိုးတက်မှုတစ်ရပ်အဖြစ် ယင်းနိုင်ငံရှိ ကုမ္ပဏီတစ်ခုက သုတေသနပြု ထုတ်လုပ်ထားသော အဗီဂျန်” (Avigan) ဆေးဝါးကို လူနာများဖြင့် စမ်းသပ်ကုသပေးနိုင်ရန် မကြာမီကာလအတွင်း နိုင်ငံပေါင်း ၄၃ နိုင်ငံသို့ အခမဲ့ ပေးပို့လှူဒါန်းရန် အစီအစဉ်ဆွဲထားသည်။ အဆိုပါ ဆေးဝါးကို ဖူဂျီဖလင်ဦးပိုင်ကုမ္ပဏီ လက်အောက်ခံ ကုမ္ပဏီတစ်ခုက သုတေသနပြု ထုတ်လုပ်ခဲ့သည်။

 

ကမ္ဘာ့နိုင်ငံပေါင်း ၈၀ ခန့်သည် အဗီဂျန်ဆေးဝါးကိုရရှိရန် အဆိုပြုထားပြီး လူနာ ၂၀ မှ ၁၀ဝ အထိကို သုတေသနအလို့ငှာ စမ်းသပ်တိုက်ကျွေးနိုင်မည် ဆို၏။

 

ဂျပန်နိုင်ငံနည်းတူ ကျွန်ုပ်တို့၏အိမ်နီးချင်းနိုင်ငံ ထိုင်း နိုင်ငံ၌နိုင်ငံတစ်ဝန်းအရေးပေါ်အခြေအနေကြေညာချက်ကို ဧပြီ ၃၀ ရက်မှစ၍ နောက်ထပ်တစ်လ သက်တမ်းတိုးခဲ့ လေသည်။

 

ရောဂါပိုးကူးစက်ခံရသူ တစ်နေ့တည်းမှာပင် ၁၀ဝ ကျော်ရှိခဲ့ဖူးသော ထိုင်းနိုင်ငံတွင် ရောဂါကူးစက်နှုန်း နှေးကွေးသွားပြီဖြစ်သော်လည်း ရောဂါကူးစက်မှုလှိုင်းများ ထပ်ပြန်တလဲလဲ ရိုက်ပုတ်မလာစေဖို့ လူထုအားလုံး သတိချပ်ကြရန် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက သတိပေးခဲ့သည်။

 

ကိုဗစ်ကပ်ရောဂါပိုး ကမ္ဘာ့နိုင်ငံများအားလုံးအပေါ် ကတိမ်းကပါးမဖြစ်စေမီအချိန်ကာလက မြို့တော် ဗန်ကောက်သည် ကမ္ဘာပေါ်တွင် လည်ပတ်သူအများဆုံး မြို့ကြီးတစ်မြို့ဖြစ်လင့်ကစား ပျားပန်းခတ်မျှစည်ကား ခဲ့သော လမ်းမကြီးများမှာ ယခုအခါ တိတ်ဆိတ်ငြိမ်သက် လျက်ရှိနေချေ၏။

 

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း

 

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ ဟောကိန်းထုတ်မှုအရ ထိုင်းနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုး (ဂျီဒီပီ) သည် ၆ ဒသမ ၇ ရာခိုင်နှုန်းအထိ ကျဆင်း နိုင်သည်ဟု ကျွန်ုပ်လေ့လာတွေ့ရှိရ၏။ လူပေါင်းတစ်သန်း ကျော် မှီတည်ရာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာ ကမ္ဘာ့ကပ်ရောဂါဆိုးကြောင့် တစ်ပြုံလုံးထိခိုက်ရ၏။ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်း လုပ်သားအင်အားစု၏ ၃၀ ရာခိုင်းနှုန်းခန့် (၁ ဒသမ ၂ သန်းခန့်) သည် အလုပ်လက်မဲ့ ဖြစ်နိုင်ကြောင်း ထိုင်းခရီးသွားလုပ်ငန်းကောင်စီက ခန့်မှန်း ထား၏။

 

ထိုင်းနိုင်ငံနည်းတူပင် အရှေ့တောင်အာရှဒေသရှိ ထွန်းသစ်စ စီးပွားရေးအင်အားတည်ရာနိုင်ငံများအားလုံး စီးပွားရေး ဆူနာမီလှိုင်းများ၏ ရိုက်ပုတ်မှုများကို တွေ့ကြုံခံစားကြရ၏။

 

စက်ရုံ၊ အလုပ်ရုံများကို ယာယီပိတ်ထားရခြင်း၊ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး ရပ်တန့်သွားခြင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဝယ်လိုအားကျဆင်းသွားခြင်း စသည့် အကြောင်းတရားများအရ အရှေ့တောင် အာရှနိုင်ငံများမှာ စီးပွားရေးထိခိုက်ရလေသည်။ အထူး အားဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအပေါ် အားပြုထားသော စီးပွားရေးလုပ်ငန်းများမှာ အထိအနာဆုံး ဖြစ်သည်။

 

စီးပွားရေးထိုင်းမှိုင်းနေသော ကာလတစ်ရပ်ကို ကမ္ဘာတစ်ဝန်းရင်ဆိုင်နေရပြီး ဥရောပနှင့် အမေရိကန် ပြည်ထောင်စုက ကိုဗစ်ကြောင့် စီးပွားရေးအထိနာရသမျှ အခြေအနေကို တဖွဲဖွဲထုတ်ပြန်လာကြသည်။

 

ကိုဗစ်ပိုးကြောင့် လူပေါင်း ၁၃၂၀ဝ၀ ကျော် သေဆုံး ခဲ့ရသော ဥရောပတိုက်ရှိ ပြင်သစ်နိုင်ငံတွင် လက်ရှိ ဘဏ္ဍာရေးနှစ်၏ ပထမသုံးလတာကာလတွင် ၅ ဒသမ၈ ရာခိုင်နှုန်း စီးပွားရေးကျဆင်းနိုင်သည်ဟု ခန့်မှန်းရသည်။ ပြင်သစ်နိုင်ငံတွင် ၁၉၄၈ ခုနှစ်နောက်ပိုင်း သုံးလပတ် အလိုက် စီးပွားရေးကျဆင်းမှု ကြီးကျယ်ဆုံးဖြစ်ပြီး မတ် ၁၇ ရက်တွင် အိမ်တွင်းပုန်းကျန်းမာရေးအစီအမံ များကို အကောင်အထည်ဖော်ခဲ့ရာမှ စက်ရုံများနှင့် အလုပ်ရုံ များကို ပိတ်ပင်ထားခဲ့ရလေသည်။

 

ယခုနှစ်၏ ပထမသုံးလပတ်ကာလအတွင်း စပိန် နိုင်ငံ၏ စီးပွားရေးမှာ ငါးရာခိုင်နှုန်း ကျဆင်းသွားခဲ့ရသကဲ့သို့ အီတလီနိုင်ငံ၏ စီးပွားရေးမှာ ပထမသုံးပတ်တာကာလတွင် ငါးရာခိုင်နှုန်း၊ ဒုတိယသုံးပတ်တာကာလတွင် ၁၈ရာခိုင်နှုန်း နှင့် တစ်နှစ်တာကာလပတ်လုံး ၁၃ ရာခိုင်နှုန်းကျော် ကျဆင်းဖွယ်ရှိသည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်း ထားကြသည်။ ဥရောပတိုက်တွင် ကျန်းမာရေးအရ ပြည်သူများအား ခြေချုပ်ချခြင်းစီမံချက်ကို ကာလအရှည်ကြာဆုံး ချမှတ်ခဲ့သော အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို အကြောင်းပြု၍ ပြည်သူလူထုတို့ စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရခြင်းအတွက် ဝန်ကြီးချုပ် ငွေဆပ်ကွန်တေးကိုယ်တိုင် မေ ၂ ရက်တွင် တောင်းပန် စကားဆိုခဲ့လေသည်။

 

အကျပ်အတည်းဆုံးကာလ

 

ကပ်ရောဂါဘေးမှ ရှောင်လွှဲနိုင်ခြင်းမရှိသော ဥရောပနိုင်ငံကြီးတစ်နိုင်ငံမှာ ဂျာမနီနိုင်ငံဖြစ်ပြီး ယင်းနိုင်ငံ၏ စစ်ပြီးခေတ်လွန်ကာလ သမိုင်းကြောင်းတွင် အကျပ်အတည်းဆုံး ကာလတစ်ရပ်ကို ဖြတ်သန်းနေရကြောင်း ဝန်ကြီးချုပ် အိန်ဂျယ်လာ မာကဲလ်က မှတ်ချက်ပြုပြောကြားခဲ့သည်။

 

ဂျာမနီနိုင်ငံတွင် လွန်ခဲ့သည့် ရက်သတ္တပတ်မှစ၍ နိုင်ငံတစ်ဝန်းတွင် ဈေးဆိုင်ငယ်များကို ပြန်လည်ဖွင့်လှစ် ခဲ့သည်။ ဗောက်စ်ဝေဂွန်ကုမ္ပဏီသည် ယင်း၏စက်ရုံများ အနက် စက်ရုံတစ်ရုံကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။ သို့ရာတွင် ကပွဲရုံများနှင့် စားသောက်ဆိုင်များကိုမူ ဆက်လက်ပိတ်ထားရဆဲ ဖြစ်သည်။

 

ဂျာမနီနိုင်ငံတွင် ဖြေလျှော့မှုအချို့ရှိခဲ့သည့် တိုင်အောင် ကပ်ရောဂါပိုးကူးစက်နှုန်းမှာ ဆက်လက် မြင့်တက်နေ ဆဲဖြစ်သည်။ ပြည်သူများ နေအိမ်အတွင်း နေထိုင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန် ကျန်းမာရေးပါရဂူများက ဆက်လက်တိုက်တွန်း ထားသည်။

 

ဗြိတိန်နိုင်ငံ၏ စီးပွားရေးမှာမူ ယခုနှစ်တွင် ၁၃ ရာခိုင်နှုန်း ကျုံ့သွားဖွယ်ရှိကြောင်း၊ နှစ်ပေါင်း ၃၀ဝ ကာလ အတွင်း စံချိန်တင်ရလောက်အောင် ဂျီဒီပီ ကျဆင်းမှုနှုန်း ဖြစ်ပေါ်လာဖွယ်ရှိကြောင်း အစိုးရရန်ပုံငွေဖြင့် လည်ပတ် နေသော ဘတ်ဂျက်ရေးရာ တာဝန်ယူမှု၊ တာဝန်ခံမှု ရုံး၏ လေ့လာချက်တွင် ဖော်ပြထားသည်။

 

ကမ္ဘာပေါ်တွင် ကိုဗစ်ပိုးကူးစက်ခံရသူ ဦးရေ အများဆုံး (မေ ၂ ရက် စာရင်းအရ ၁၁၃၂၀၃၈ ဦး) နှင့် သေဆုံးသူအများဆုံး (၆၅၇၈၃ ဦး)ရှိသော အမေရိကန် ပြည်ထောင်စုတွင် ကိုဗစ်ကူးစက်ရောဂါ ဖြစ်ပွားနေချိန် အတွင်း စီးပွားရေးကို ကျားကန်ပေးနိုင်ရန် အစိုးရအဖွဲ့က ဒေါ်လာ ၂ ဒသမ ၆ ထရီလီယံ ကျခံသုံးစွဲကာ ဆောင်ရွက်  လျက်ရှိသည်။

 

အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ရောဂါ၏ ၊ ဆိုးကျိုးသက်ရောက်မှုတစ်ခုအဖြစ် အလုပ်လက်မဲ့ အကျိုးခံစားခွင့်ရရှိရေး လျှောက်ထားသူဦးရေ သန်း ၃၀ကို ကျော်လွန်သွားခဲ့ရသည်။ အမေရိကန်၏ ဧပြီလ  အလုပ်လက်မဲ့နှုန်းသည် ၂၀ ရာခိုင်နှုန်းအထိ မြင့်တက် နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားပြီး ၁၉၃ဝ ပြည့်နှစ်လွန်က ကြုံတွေ့ခဲ့ရသော ကမ္ဘာ့စီးပွားရေးကပ်နောက်ပိုင်း စံချိန်တင် အလုပ်လက်မဲ့နှုန်း ဖြစ်သည်ဆို၏။

 

လက်တွဲညီညီ

 

ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံတကာတွင် ၊ စီးပွားရေးထိခိုက်မှုကို ထင်ဟပ်နေသော သာဓကများ ပိုမိုထင်ရှားပေါ်လွင်လာနေချိန်တွင် အစိုးရအဖွဲ့ အသီးသီးက မိမိတို့၏ နိုင်ငံအလိုက် စီးပွားရေးထိခိုက်မှု သက်သာလျော့ပါးရေးအစီအစဉ်များကို ချမှတ်ဆောင်ရွက်နေကြပေပြီ။ ရှောင်လွှဲ၍မရနိုင်သော စီးပွားရေးထိခိုက်မှုမှ သက်သာစေရန်နှင့် စီးပွားရေး မြန်မြန်ဆန်ဆန် ပြန်လည် နာလန်ထူလာရေးအတွက် ကြိုးပမ်းကြရမည်ဖြစ်သကဲ့သို့ ကပ်ရောဂါအပေါ် အပြီးတိုင်ထိန်းချုပ်နိုင်ရန် ပြည်သူ အားလုံး၏ လက်တွဲညီညီ ပါဝင်ဆောင်ရွက်မှုဖြင့် ရှေ့ဆက်ကြရပေမည်။

 

ပစ္စက္ခကာလ ကပ်ရောဂါဆိုးနှင့်အတူ ဒွန်တွဲနေ သည့် စီးပွားရေးစိန်ခေါ်မှုများမှ ကျော်လွှားလွန်မြောက် နိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံးက မဆုတ်မနစ်၊ မနားမနေဆက်လက်ကြိုးပမ်းသွားကြမည်ဟု ကျွန်ုပ် တွေးတောမိရင်း ရေဆန် လေဆန်မှာ ခြေကန်လှော်ဟု ကျူးရင့်မိပါသတည်း။ ။