နေပြည်တော်၊ ဒီဇင်ဘာ ၂၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေဆင်းတက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်ခန်းမ ဖွင့်ပွဲနှင့် ရာပြည့်သဘင် အခမ်းအနားအား ယနေ့ နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ ကထိကများ၊ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေတို့က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ရာပြည့်ခန်းမ ကမ္ပည်း မော်ကွန်း ကျောက်စာနှင့် ရာပြည့်ခန်းမဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ ထို့နောက် တက်ရောက်လာကြသူများက ကမ္ပည်း မော်ကွန်းအား အမွှေးနံ့သာရည်များ ဆက်လက် ပက်ဖျန်းပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ရာပြည့်ဘက်စုံသုံးခန်းမအတွင်း လှည့်လည် ကြည့်ရှုကြသည်။
![]() |
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အခမ်းအနားကျင်းပမည့် ဘွဲ့နှင်းသဘင်ခန်းမသို့ သွားရောက်ကြရာ လမ်းဘေးဝဲယာ တစ်လျှောက်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် တိုင်းရင်းသားမောင်မယ်များက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်နောက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အခမ်းအနားကို ကျင်းပပြုလုပ်ရာ ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် တက္ကသိုလ်နှစ် (၁၀၀) ပြည့် သမိုင်းမှတ်တမ်း ရုပ်သံဖိုင်အား ကြည့်ရှုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အမှာစကားပြောကြားရာတွင် မိမိတို့မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းသည် တိုင်းရင်းသားပြည်သူအများစု၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်၏ နိုင်ငံရေး၊ လူမှုရေး ကဏ္ဍများနှင့်လည်း တိုက်ရိုက်ဆက်စပ်နေပြီး နိုင်ငံ့စီးပွားရေး၏ အသက်သွေးကြောလည်းဖြစ်ကြောင်း၊ ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက ပြည်သူလူထု၏ လူမှုဘဝအခြေအနေ တိုးတက်ကောင်းမွန်ရေးနှင့် စားရေ ရိက္ခာ ဖူလုံရုံမက ပိုလျှံရေးအတွက် စိုက်ပျိုးရေးကို အလေးထားလုပ်ဆောင်ပေးခဲ့သည့် အစဉ်အလာ ရှိခဲ့ကြောင်း၊ ခေတ်အဆက်ဆက်က အစိုးရအဆက်ဆက်ကလည်း မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး တိုးတက်ဖွံ့ဖြိုးဖို့ မူဝါဒများချမှတ်ပြီး ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်ကိုလည်း အားလုံးအသိပင် ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် ဒေသအလိုက်သီးနှံမျိုးစုံ ဖြစ်ထွန်းရှင်သန်စေနိုင်မည့် မတူညီသည့် ရာသီဥတု၊ မြေအမျိုးအစား၊ သဘာဝဂေဟစနစ်၊ စိုက်ပျိုးရေးအရင်းအမြစ် စသည့်စိုက်ပျိုးရေးကို အထောက်အကူပြုသည့် အခြေခံကောင်းများ ပြည့်စုံကြွယ်ဝ သည့် နိုင်ငံဖြစ်ကြောင်း၊ ထို့ပြင် တိုင်းရင်းသား လူမျိုးပေါင်းစုံက ဒေသအနှံ့တွင် ပျံ့နှံ့ နေထိုင်နေကြခြင်းကြောင့် စိုက်ပျိုးရေးအတွက် အဓိကလိုအပ်သည့် လူသားစွမ်းအင် အရင်းအမြစ်များ ခိုင်မာတောင့်တင်းနေပြီး စိုက်ပျိုးရေးအတွက် အားသာချက်ကို ဖြစ်စေကြောင်း။
စိုက်ပျိုးရေးတက္ကသိုလ်၏ သမိုင်းမှတ်တမ်းကို လေ့လာကြည့်သည့်အခါ၌ ကိုလိုနီ လက်အောက် ကျရောက်ခဲ့ပြီး ဆယ်စုနှစ်ကာလများတွင် မြန်မာနိုင်ငံ၏ ရေခံမြေခံကောင်းကို အသုံးချနိုင်ရန် အိန္ဒိယနိုင်ငံကို စိုက်ပျိုးရေးအတတ်ပညာသင်များ စေလွှတ်ခဲ့ကြသည်ကို တွေ့ရကြောင်း၊ ယင်းကာလတွင် ပညာသင်စေလွှတ်ခဲ့သူ (၄၀) ဦးအနက် (၁၉) ဦးသည် မိမိတို့နိုင်ငံ စိုက်ပျိုးရေး ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြပြီး (၂၁) ဦးမှာ အိန္ဒိယနိုင်ငံစိုက်ပျိုးရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည်ဟု သိရပါကြောင်း။
မိမိတို့နိုင်ငံ၏ သီးနှံများကို နိုင်ငံတကာဈေးကွက်ဝင်စေရန် မိမိတို့၏ မိရိုးဖလာသီးနှံစိုက်ပျိုး ထုတ်လုပ်မှုစနစ်သည် လိုအပ်ချက်များ၊ အားနည်းချက်များရှိနေသည်ကို လေ့လာသိရှိ လာခဲ့ကြကြောင်း၊ အကျိုးအမြတ်ရှိပြီး ခိုင်မာသေချာသည့် သီးနှံထုတ်လုပ်မှုဖြစ်လာနိုင်ရန် တိုးတက် ဖွံ့ဖြိုးလာသည့် စိုက်ပျိုးထုတ်လုပ်မှုနည်းစနစ်များနှင့်အညီ လိုက်ပါတွေးခေါ် ဆောင်ရွက်နိုင်စွမ်း ရှိသည့် ပြည်တွင်းစိုက်ပျိုးရေးပညာရှင်များရှိမှဖြစ်မည်ဆိုသည်ကို သတိပြုမိလာခဲ့ကြကြောင်း။
ထို့ကြောင့် လိုအပ်သည့် စိုက်ပျိုးရေးပညာရှင်များကို မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေးကောလိပ်နှင့် သုတေသနဗိမာန်ကို ၁၉၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်တွင် မန္တလေးမြို့၌ စတင်တည်ထောင် ဖွင့်လှစ်ခဲ့သည်ဟု သိရကြောင်း၊ ယင်းကာလကတည်း က စိုက်ပျိုးရေးပညာရှင်များအနေဖြင့် နိုင်ငံ၏ ရေခံမြေခံကောင်းကို အသုံးချပြီး လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန် ကိုယ့်အားကိုယ်ကိုးပြီး ကြိုးပမ်းခဲ့ကြသည်ကို လေးစားဂုဏ်ယူ အသိအမှတ်ပြုပါကြောင်း၊ ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်တွင် စိုက်ပျိုးရေးကောလိပ်ကို စိုက်ပျိုးရေးတက္ကသိုလ်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၉၇၃ ခုနှစ်တွင် စိုက်ပျိုးရေးတက္ကသိုလ်ကို စိုက်ပျိုးရေးအတွက် အခြေခံ လိုအပ်ချက်များ ပြည့်စုံနေသည့် ပျဉ်းမနားမြို့နယ်၊ ရေဆင်းဒေသသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း။
စိုက်ပျိုးရေးတက္ကသိုလ်အနေဖြင့် နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရှင်ပေါင်းများစွာကို သင်ကြားမွေးထုတ်ဖြည့်ဆည်းပေးနေသောကြောင့် ဂုဏ်ယူဖွယ် တက္ကသိုလ်ကြီးဖြစ်ကြောင်းကို ပြောလိုကြောင်း၊ ယခုနှစ် ၂၀၂၄ ခုနှစ်သည်လည်း နိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ လူသားအရင်းအမြစ်များကို နိုင်ငံတကာနည်းတူ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကကျသည့် စိုက်ပျိုးရေးပညာသင်ကြားမှု အစပြုခဲ့သည်မှာ နှစ်(၁၀၀) ပြည့်မြောက်သည့် နှစ်ဖြစ်သဖြင့် အင်မတန်ဂုဏ်ယူ ဝမ်းမြောက်ရပါကြောင်း။
စိုက်ပျိုးရေးကောလိပ် စတင်ဖွင့်လှစ်ချိန်၌ “၃ နှစ် စိုက်ပျိုးရေး ဒီပလိုမာ” အောင်လက်မှတ် ချီးမြှင့်သည့် အဆင့်မှ ဥပစာတန်း အောင်မြင်သူများ (၂)နှစ် တက်ရောက်နိုင်သည့် သိပ္ပံဘွဲ့ (စိုက်ပျိုးရေး) B.Sc (Agri)၊ သိပ္ပံဘွဲ့ (ပိုးမွေးမြူရေး) B.Sc(Sericulture) တို့ကို ပေးအပ်ခဲ့ကြောင်း၊ ၁၉၆၄ ခုနှစ် စနစ်သစ် ပညာရေးကစပြီး စိုက်ပျိုးရေးပညာဘွဲ့ (Bachelor of Agriculture)၊ စိုက်ပျိုးရေးသိပ္ပံဘွဲ့ (Bachelor of Agricultural Science) တို့ကို အပ်နှင်းခဲ့ကြောင်း၊ လက်ရှိအချိန်၌ မဟာဘွဲ့၊ ပါရဂူဘွဲ့များအပြင် တိုးတက်ပြောင်းလဲလာနေသည့် ခေတ်နှင့်အညီ သင်ကြားပေးနိုင်ရေး သင်ရိုးညွှန်းတမ်း၊ သင်နည်းစနစ်၊ သုတေသနများကို နိုင်ငံတကာရှိ တက္ကသိုလ်များ အဆင့်နှင့် ကိုက်ညီအောင် ပြုပြင်မွမ်းမံသင်ကြားပေးနေပြီး စိုက်ပျိုးရေးနှင့် နှီးနွယ်သော ပညာရပ်ဆိုင်ရာ ဘွဲ့များ တိုးချဲ့သင်ကြားပေးနေသည့်အတွက် အလွန်အားရဖွယ်အနေအထားဖြစ်ကြောင်းကို အသိအမှတ်ပြု ပြောကြားလိုကြောင်း။
နှစ်(၁၀၀)ကာလအတွင်း တက္ကသိုလ်အနေဖြင့် နိုင်ငံတော်က အားထားရမည့် အသိပညာရှင် အတတ်ပညာရှင်များအဖြစ် စိုက်ပျိုးရေးသိပ္ပံဘွဲ့ရ (၁၃,၁၉၇) ဦး၊ မဟာသိပ္ပံဘွဲ့ရ (၆၇၃) ဦး၊ ပါရဂူဘွဲ့ရ (၈၅) ဦး၊ ဘွဲ့လွန်ဒီပလိုမာ လက်မှတ်ရ (၇၀) ဦးနှင့် မဟာဒဿနဘွဲ့ရ (၁၁) ဦးတို့ကို မွေးထုတ်နိုင်ခဲ့သည်ကိုတွေ့ရကြောင်း၊ ထိုကဲ့သို့ မွေးထုတ်ပေးနိုင်ခဲ့သောကြောင့် နိုင်ငံ့အတွက် အကျိုးကျေးဇူးများ ရရှိစေခဲ့ကြောင်း။
ရှိပြီး မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်ကို ယူပြီးချိန်တွင် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေး နှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး” နှင့် “ပြည်တွင်း စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်း ဆောင်ရွက်ရေး” ဟူသည့် စီးပွားရေးဦးတည်ချက်များကို ထည့်သွင်းချမှတ်ပြီး နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင်၊ နိုင်ငံအတွင်းစားရေရိက္ခာဖူလုံပိုလျှံအောင် ဘက်ပေါင်းစုံက ကြိုးပမ်း ဆောင်ရွက်နေကြောင်း။
နိုင်ငံတော်တွင်ရှိသည့် သီးနှံစိုက်ဧက စုစုပေါင်း (၃၃)သန်းမှ အရေးကြီးသီးနှံများကို ဦးစားပေးပြီး ပြည်တွင်းစားရေရိက္ခာ ဖူလုံမှုရှိစေရေး၊ ပြည်ပကိုတိုးချဲ့ တင်ပို့ရောင်းချနိုင်ရေးနှင့် သွင်းကုန် အစားထိုးပမာဏ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး ကြိုးစား လုပ်ဆောင်လျက်ရှိကြောင်း၊ ပန်းတိုင်းရည်မှန်းချက်သည် အကြိမ်ကြိမ်သုတေသနပြုပြီးမှ ဖော်ထုတ်ထားခြင်းဖြစ်သဖြင့် ဒေသအလိုက် ပန်းတိုင်ပြည့်မှီရေး စနစ်တကျ သုံးသပ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ သီးထပ်စွမ်းအားမြှင့်တင်နိုင်မှုသည်လည်း နိုင်ငံ၏ ကုန်ထုတ်စွမ်းအားတိုးတက်ပြီး GDP ပမာဏ တိုးတက်လာစေမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ကြသည့် နေရာတွင် စိုက်ပျိုးရေးပညာရှင်များ၏ အခန်းကဏ္ဍသည် အရေးကြီးသကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆက်စပ်နေသည့် အခြားဆက်စပ်ကဏ္ဍများက ပညာရှင်များဖြင့် ချိတ်ဆက် လုပ်ဆောင်မှုသည်လည်း အရေးကြီးကြောင်း။
ထိုသို့ ချိတ်ဆက်ဆောင်ရွက်သည့်လုပ်ငန်းများ အဆင်ပြေအောင်မြင်စေရေး တက္ကသိုလ် စတင်တည်ထောင်စဉ်ကာလတွင် “သင်ကြားရေးနှင့် သုတေသန”ဟူသည့် လုပ်ငန်းနယ်ပယ် (၂) ရပ်ကို ဦးစားပေးခဲ့ကြောင်း၊ ယခုအချိန်တွင် “သင်ကြားရေး၊ သုတေသနနှင့် နည်းပညာ ပြန့်ပွားရေး” ဟူသည့် လုပ်ငန်းစဉ်ကြီး (၃) ရပ်အဖြစ် တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ကြရာတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် အများဆုံးအသက်မွေးဝမ်းကျောင်း ပြုနေကြသည့် ကျေးလက်နေပြည်သူများ၏ အကျိုးစီးပွားကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ရေး ဦးစားပေးရမည်ဖြစ်ကြောင်းကို ပြောကြားလိုကြောင်း။
ထိုကဲ့သို့ လက်တွေ့ကျပြီး အကျိုးဖြစ်ထွန်းစေမည့် သိပ္ပံနည်းကျ စိုက်ပျိုးရေးပညာများကို ကျေးလက်နေ စိုက်ပျိုးရေးပြည်သူများထံသို့ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိပြီး အသုံးချနိုင်စေရေး စိုက်ပျိုးရေးသိပ္ပံဘွဲ့ရ ပညာရှင်များသာမက အလယ်အလတ်တန်း စိုက်ပျိုးရေးပညာရှင်များနှင့် အခြေခံအဆင့် စိုက်ပျိုးရေးကျွမ်းကျင်လုပ်သားများ များစွာမွေးထုတ်ပေးရန်လည်း လိုအပ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ်ပေးသည့် ယခင်စိုက်ပျိုးရေး သိပ္ပံကျောင်းများ အပြင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကစပြီး စိုက်ပျိုးရေးဘာသာရပ်သင်ကြားပေးသည့် အထက်တန်းကျောင်း (၈၅) ကျောင်းကိုလည်း နိုင်ငံတစ်ဝန်း ဖွင့်လှစ်ပေးထားပြီးဖြစ်ကြောင်း၊ အဆိုပါ စိုက်ပျိုးရေးသိပ္ပံကျောင်းများနှင့် စိုက်ပျိုးရေးဘာသာရပ်သင်ကြားပေးသည့် အထက်တန်း ကျောင်းများမှ ထူးချွန်စွာအောင်မြင်ကြသူများကိုလည်း သတ်မှတ်အရည်အချင်းနှင့်အညီ အဆင့်ဆင့်စိစစ်ပြီး စိုက်ပျိုးရေးပညာရှင်များအဖြစ် မွေးထုတ်ပေးနိုင်ရေး တက္ကသိုလ်က အားထုတ် ဆောင်ရွက်နေကြသည်ကို သိရှိရသည့်အတွက် ကျေနပ်အားရ ဖြစ်မိကြောင်း။
စိုက်ပျိုးရေးတက္ကသိုလ်၏ အရေးပါမှုကို အသိအမှတ်ပြု ချီးမြှောက်သည့်အနေဖြင့် အစိုးရ အဆက်ဆက်သည် တက္ကသိုလ်၏ အထင်ကရ အထိမ်းအမှတ်နှစ်များတွင် အထင်ကရ အဆောက်အဦများ ဆောက်လုပ်ပြီး မှတ်တမ်းတင်ဂုဏ်ပြုခဲ့ကြကြောင်း၊ စိန်ရတုနှစ်ဖြစ်သည့် ၁၉၉၉ ခုနှစ်တွင် ဂုဏ်ကျက်သရေတင့်တယ်သည့် စိန်ရတုဓမ္မာရုံနှင့် သေသပ်လှပသည့် စိန်ရတု အစည်းအဝေးခန်းမ၊ တက္ကသိုလ်နှစ် (၉၀) ပြည့်သည့် ၂၀၁၄ ခုနှစ်တွင် ခမ်းနားထည်ဝါသည့် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမကို တည်ဆောက်မှတ်တမ်းတင်ပေးခဲ့ကြောင်း၊ ယခုတက္ကသိုလ်နှစ် (၁၀၀) ပြည့် အခါသမယတွင် နိုင်ငံတကာအဆင့်မီ ရာပြည့်ခန်းမ အဆောက်အဦကြီးကို အထင်ကရ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ဂုဏ်ပြုချီးမြှင့်တည်ဆောက် ဖွင့်လှစ်ပေးနိုင်ခဲ့သည်မှာ အလွန်ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း၊ တည်ဆောက်ပေးခဲ့သည့် အဆောက်အဦများကို တန်ဖိုးရှိစွာ အသုံးပြုနေကြဆဲဖြစ်သကဲ့သို့ ယခုဖွင့်လှစ်သည့် ရာပြည့်ခန်းမ အဆောက်အဦကိုလည်း ပညာရပ်ဆိုင်ရာ အခမ်းအနားများ၊ ဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများအတွက် အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးပြုသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
ကိုယ့်ခွန်၊ ကိုယ့်အား၊ ကိုယ့်စွမ်းပကားဖြင့် နိုင်ငံအကျိုးပြု စားရေရိက္ခာ ပြည့်စုံဖူလုံစေရေး ဆောင်ရွက်နေကြသည့် စိုက်ပျိုးရေးပညာရှင်မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်များ၏ အခန်းကဏ္ဍသည် ရာပြည့်သမိုင်းတွင် မှတ်တမ်းထိုးခဲ့ကြပြီးဖြစ်ကြောင်း၊ ထိုကဲ့သို့ မွန်မြတ်လှပြီး အတ္တနှင့်ပရ အကျိုးနှစ်ဝကိုရစေသည့် စိုက်ပျိုးနည်းပညာရပ်များကို ပြန့်ပွားတိုးတက်စေရေး မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းမျှဝေပေးပြီး အနာဂတ်စိုက်ပျိုးရေးကဏ္ဍ အောင်မြင် တိုးတက်စေရန် စွမ်းစွမ်းတမံဆက်လက်လုပ်ဆောင်သွားကြရန်လည်း တိုက်တွန်းမှာကြားလိုကြောင်း။
စိုက်ပျိုးရေးတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအပြင် အခြားသောဌာနနှင့် နယ်ပယ်အသီးသီးတွင် ကျရာအခန်းကဏ္ဍမှ ဦးလည်မသုန်ထမ်းရွက်ခဲ့ကြသည့် ပညာရှင်များကို ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် တာဝန် ထမ်းဆောင်နေဆဲ ပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် စိုက်ပျိုးရေး အကျိုးကို ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များကိုလည်း နိုင်ငံအကျိုးဆတက်ထမ်းပိုး လုပ်ဆောင်နိုင်ကြရန်လည်း ဆန္ဒပြုအပ်ပါကြောင်း။
ဆက်လက်၍လည်း တက္ကသိုလ်ကြီး၏ရည်မှန်းချက်တာဝန်ဖြစ်သည့် စားရေရိက္ခာ ထုတ်လုပ်မှု နည်းပညာများကို စိုက်ပျိုးထုတ်လုပ်သူများအကျိုး၊ တိုင်းပြည်အကျိုး၊ သဘာဝပတ်ဝန်းကျင် တည်တံ့စေရေး အကျိုးတို့ကို ရည်သန်ပြီး ရှေ့ဆောင်လမ်းပြလုပ်ဆောင်နိုင်ကြစေရန်၊ နိုင်ငံတွင်ရှိသည့် စိုက်ပျိုးရေးဆိုင်ရာနှင့် လူသားအရင်းအမြစ်ဆိုင်ရာ အခြေခံကောင်းများ၏ အားသာချက်ကိုသိရှိပြီး ထိထိရောက်ရောက် အသုံးချနိုင်သကဲ့သို့ အားနည်းချက်များကို သတိပြုမိပြီး ပညာရှင်များ ပီသစွာ ပြုပြင်ဖြည့်စွမ်း ပေးနိုင်ကြရန် လိုကြောင်း။
“စိုက်ပျိုးပညာ၊ ပြည်ရွာဖွံ့ဖြိုး” ဟူသည့် တက္ကသိုလ်ဆောင်ပုဒ်အတိုင်း နိုင်ငံနှင့် ပြည်ရွာအကျိုးကို ဆတက်ထမ်းပိုးရွက်ဆောင်နိုင်မည့် ထူးချွန်သည့် စိုက်ပျိုးရေးပညာရှင်များ မွေးထုတ်နိုင်ရေး ကြိုးစားကြရန် တိုက်တွန်းမှာကြားလိုကြောင်းနှင့် စိုက်ပျိုးရေးတက္ကသိုလ်ကြီး ရာပြည့်နှစ် အချိန်ကာလမှသည် ကမ္ဘာတည်သရွေ့ ဆက်လက်အဓွန့်ရှည် တည်တံ့စေရေး ဆုမွန်ကောင်း တောင်းပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အထွက်ကောင်း အောင်နိုင်တိုးစပါး Yezin Super Rice (YSR-1) စပါးမျိုးထုတ်လုပ် နိုင်ခဲ့မှုအတွက် စိုက်ပျိုးရေး သုတေသန ဦးစီးဌာနကို ဂုဏ်ပြုဆုအားပေးအပ်ရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လက်ခံရယူသည်။
၎င်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က တက္ကသိုလ်ရာပြည့်သဘင်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်နှစ် (၁၀၀) ပြည့် ရာပြည့်အထိမ်းအမှတ်လက်ဆောင်အား ဂါရဝပြုပေးအပ်သည်။
ထို့နောက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများ၊ တေးသရုပ်ဖော် အကများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပန်းခြင်း ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနား တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ အငြိမ်းစားပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်သဘင် အထိမ်းအမှတ်ပြခန်းများအား စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်











