နေပြည်တော် မတ် ၁၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် သည် ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ၊ ၂၀၂၃-၂၀၂၄ခုနှစ် ပညာသင်နှစ် ဒုတိယနှစ်ဝက် စာမေးပွဲကို ဒုတိယနှစ်နှင့်စတုတ္ထနှစ် ကျောင်းသား ကျောင်းသူ (၃၂၃)ဦး က စာမေးပွဲ စည်းမျဉ်း စည်းကမ်းနှင့်အညီ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
အလားတူ ဒုတိယဝန်ကြီးအဖွဲ့သည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ ၂၀၂၃-၂၀၂၄ခုနှစ် ပညာသင်နှစ် ဘွဲ့ကြိုသင်တန်းများ၏ နှစ်ဝက် အတန်းတင် စာမေးပွဲများကို ကျောင်းသား ကျောင်းသူစုစုပေါင်း(၉၄၄)ဦးက စာမေးပွဲ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးကြသည်။
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် နောက်ဆုံးနှစ် မွေးမြူရေးပညာသင်တန်းမှ ကျောင်းသား ကျောင်းသူများသည် ပျားမွေးမြူရေးပညာရပ် သင်ကြားရာတွင် စာတွေ့၊ လက်တွေ့နှိုင်းယှဉ် လေ့လာနိုင်ရေးအတွက် စိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့ရှိ နေကြာစိုက်ခင်းများတွင် ဝတ်ရည်စုပျားတို့၏ ဝတ်မှုန်ကူးခြင်း၊ ပျားအုံအတွင်း ပျားသားလောင်းများ ပေါက်ပွားမှု၊ ပျားစာဝတ်ရည်နှင့် ဝတ်မှုန်များကို စနစ်တကျထားသိုတတ်သည့် လုပ်သားပျားတို့၏ သဘာဝတို့ကို စာတွေ့ လက်တွေ့လေ့လာခဲ့ကြောင်း သိရသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီး သည် အဆင့်မြင့်စိုက်ပျိုးရေး သုတေသနနှင့် ပညာရေးဗဟိုဌာန (Advanced Center for Agricultural Research and Education-ACARE) တွင် ပါမောက္ခချုပ် ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများ၊ သုတေသနတာဝန်ခံများနှင့် တွေ့ဆုံ၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်နှစ်မှ စတင်၍ ဘွဲ့လွန်သင်တန်းများကို နိုင်ငံတကာ အဆင့်မီ အရည်အသွေးမြှင့်တင် ဆောင်ရွက်ရန်၊ အရည်အသွေးပြည့်ဝသော ပညာရှင်များ မွေးထုတ်ပေးနိုင်ရေး၊ သုတေသန ဆောင်ရွက် ချက်များပါဝင်သည့် အဆင့်မြင့်စိုက်ပျိုးရေးပညာများ သင်ကြားပေးနိုင်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးကင်းလုံခြုံသော ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ပညာရှင်များအပိုင်းက ကြိုပမ်းရေးနှင့် နိုင်ငံတော်၏ စားသုံးဆီဖူလုံ ပိုလျှံရေး ကြိုးပမ်း မှုကို အေထာက်အကူ ဖြစ်စေမည့် သုတေသနများ အလေးထား ဆောင်ရွက်ရန် လိုအပ်ချက်များ၊ စိုက်ပျိုးရေး တက္ကသိုလ်မှ ဘွဲ့ရပြီးပါက နိုင်ငံအတွက် လိုအပ်လျက်ရှိသော စိုက်ပျိုးစီးပွားရေးကို အခြေခံသည့် MSME လုပ်ငန်းများကို လုပ်ကိုင်လာကြစေရန်၊ စိုက်ပျိုးရေးတက္ကသိုလ်၏ အဆင့်မြင့်စိုက်ပျိုးရေး သုတေသနနှင့် ပညာရေးဗဟိုဌာန၏ သုတေသနနှင့်စီမံခန့်ခွဲမှုဌာနကို မိုလ်ဘိုင်း နည်းပညာ၊ ဝက်ဘ်ကွန်ယက်နည်းပညာဖြင့် တောင်သူလယ်သမားများ၊ သုတေသီများနှင့် စိုက်ပျိုးရေးလုပ်ကိုင်သူလုပ်ငန်းရှင်များအား အွန်လိုင်းဖြင့်နည်းပညာပေး လုပ်ငန်းများကို တီထွင်လုပ်ကိုင်ပညာပေးရန် ၊ ရိတ်သိမ်းချိန်လွန်နည်းပညာဌာန တွင် ဆီထွက်သီးနှံများ၏ ဆီကြိတ်ဖတ်အမျိုးမျိုး၌ ဆီကျန်မှုရာခိုင်နှုန်းအား ဓာတ်ခွဲစမ်းသပ်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဆင်းရွှေကြာ (၂) နေကြာမျိုးအား မျိုးမြှင့်တင်ခြင်း သုတေသန ဆောင်ရွက်ထားရှိမှုနှင့် တက္ကသိုလ်ပင်မ စာကြည့်တိုက် တွင် အပင်မျိုးမွေးမြူ ရေးဆိုင်ရာ စာအုပ်စာတမ်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ဆွေးနွေးမှာ ကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်