နေပြည်တော် နိုဝင်ဘာ ၆

 

အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စွမ်းအင်ကဏ္ဍ၊ စားနပ်ရိက္ခာ ထုတ်လုပ်မှုနှင့် သစ်တောကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍများမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး မဟာဗျူဟာရေးဆွဲ စီစဉ်ဆောင်ရွက်နေမှုကို မြန်မာနိုင်ငံအနေဖြင့် လက်တွေ့ အကောင်အထည်ဖော်နိုင်မည်လည်းဖြစ်ပါကြောင်း ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ နေရောင်ပြကွင်း၌ ဒေသနေတောင်သူလယ်သမားများနှင့် တွေ့ဆုံစဉ်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးက တောင်သူများနှင့် ခင်မင်ရင်းနှီးစွာတွေ့ဆုံ၍ သွင်းအားစုမှန်ကန်ရေး၊ မြေဆီလွှာ ထိန်းသိမ်းပြုပြင်အသုံးပြုရန် လိုအပ်ချက်များ၊ ရေမြေဒေသနှင့် ကိုက်ညီပြီး စီးပွားရေး တွက်ချေကိုက်သည့် စိုက်ပျိုးထုတ်လုပ်မှုဖြစ်စေရေး၊ စက်မှုလယ်ယာစနစ် ကျင့်သုံးပြီး သီးထပ်တိုးချဲ့ စိုက်ပျိုးရေးနှင့် ထုတ်လုပ်မှု စရိတ်လျှော့ချနိုင်ရေးဆိုင်ရာများကို ဆွေးနွေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များ ဖွင့်လှစ်ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးရာ သက်ဆိုင်ရာ ပါမောက္ခချုပ်များက တက္ကသိုလ်များ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်းတန်း အောင်မြင်ထားသူများမှ ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းသား အသစ်ခေါ်ယူထားရှိမှုနှင့် စာသင်နှစ်အလိုက် ကျောင်းအပ် လက်ခံထားရှိမှု၊ အိပ်ဆောင်များနှင့် စာသင်ခန်းများ ပြင်ဆင်ထားရှိမှု၊ သင်ကြားမှု သင်ယူမှုဆိုင်ရာ အကြိုလုပ်ငန်း စီမံဆောင်ရွက်ထားရှိမှုများကို တင်ပြကြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ကျောင်းသားကျောင်းသူများ နေထိုင်စားသောက်မှု အဆင်ပြေစေရန် နိုင်ငံတော်အပိုင်းက ဖြည့်ဆည်းပေးထားပြီးဖြစ်၍ မိမိတို့ တာဝန်ရှိသူများအနေဖြင့် ကျောင်းပရဝဏ် သန့်ရှင်းသာယာလှပရေးအပါအဝင် အကြိုလုပ်ငန်းများ ပြည့်စုံစွာ ဆောင်ရွက်ထားရှိရန် လိုကြောင်း၊ အထူးသဖြင့် ကျောင်းသားကျောင်းသူများ ဘေးကင်းလုံခြုံပြီး စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေး၊ အရည်အသွေး ပြည့်ဝပြီး ထူးချွန်ထက်မြက်သူများဖြစ်စေရေးအတွက် အားကစား စာပေလှုပ်ရှားမှုများ ဆောင်ရွက်ပေးရမှာဖြစ်သည့်နည်းတူ ကျောင်းသား ကျောင်းသူများသည် ဒေသမျိုးစုံမှ တိုင်းရင်းသား လူငယ်များလာရောက် ပညာဆည်းပူးကြသူများ ဖြစ်သည့်အတွက် ရိုးရာယဉ်ကျေးမှု တိုင်းရင်းဓလေ့ဆိုင်ရာပွဲများ ကျင်းပပေးရန်လိုကြောင်း၊ လယ်ယာကဏ္ဍဆိုင်ရာ တက္ကသိုလ်များ၊ သုတေသနဌာနများ စုစည်းတည်ရှိနေသည့် နည်းပညာရပ်ဝန်းတစ်ခုဖြစ်သည့် အားလျော်စွာ အင်တာနက်လိုင်းများ ကောင်းမွန်စွာ အသုံးပြုနိုင်ရေး၊ အဖွဲ့အစည်းများ စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းများပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။ 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များရှိ စာသင်ဆောင်များ၊ အိပ်ဆောင်များနှင့် တက္ကသိုလ်များဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များ၏ ပထမနှစ် (ဒုတိယနှစ်ဝက်) နှင့် စာသင်နှစ်အလိုက် သင်တန်းများကို နိုဝင်ဘာ ၁၄ ရက်တွင်လည်းကောင်း၊ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်းတန်း အောင်မြင်ထားသူများမှ ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းများကို နိုဝင်ဘာ ၂၁ ရက်တွင်လည်းကောင်း စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း  သိရသည်။

 

သတင်းစဉ်