စလင်း ၁၂ မေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြောင်းကောက်အုပ်စု၊ မြောင်းကောက်ကျေးရွာရှိ တောင်သူဒေါ်အေးအေးမိုး စိုက်ပျိုးထားရှိသည့် ရေဆင်းပဲတီစိမ်း (၁၄) မျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းမှု ရှိ/မရှိကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်လင်းနှင့် တာဝန်ကျဝန်ထမ်းများက မေ ၁၂ ရက်နေ့ နံနက် ၇ နာရီ အချိန်က သွားရောက်ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့ကြသည်။
အဆိုပါ ရေဆင်းပဲတီစိမ်း (၁၄) မျိုးစေ့ထုတ်စိုက်ခင်းမှာ ကွင်းပိုင်အမှတ်(၄၉၁)၊ ဦးပိုင် အမှတ် ၁၉/၂ တွင် မတ် ၂၅ ရက်နေ့ကစတင် စိုက်ပျိုးပြီး အပင်ပေါက်ပြီးရက်(၂၀) အကြာတွင် ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းကို လည်းကောင်း၊ ထပ်မံ တစ်ပတ်ကြာလျှင် ပိုးသတ်ဆေး ဒုတိယအကြိမ် ဖျန်းခြင်းလုပ်ငန်းကို လည်းကောင်း၊ နှစ်ပတ်အကြာတွင် ရေဖျန်းခြင်း လုပ်ငန်းကိုလည်းကောင်း၊ ရေဖျန်းခြင်းလုပ်ငန်းပြီး၍ (၅)ရက်အကြာတွင် မှိုသတ်ဆေး ဖျန်းခြင်းနှင့် နောက်(၅)ရက်အကြာတွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ရကြောင်း သိရသည်။
အပင်၏ပုံသဏ္ဌာန်မှာ ပင်ယောင်နွယ်ယောင်ဖြစ်ပြီး သက်တမ်းအားဖြင့် (၆၅ ရက် မှ ရက်ပေါင်း ၇၀) ခန့်ရှိသည်။ ယခုစိုက်ခင်းတွင် အပင်သက်တမ်း (၄၈) ရက်ရှိပြီဖြစ်ပြီး အဝါရောင်မှိုစေ့ ရောဂါဒဏ် ခံနိုင်ခြင်းနှင့် ရွက်ပြောက်ရောဂါဒဏ်ခံနိုင်ရည်ရှိပြီး မိုးကြို၊ မိုးလယ်၊ မိုးနှောင်း ရာသီမရွေး စိုက်ပျိုးနိုင်သော မျိုးဖြစ်သည်။ သီးတောင့်နှင့် ပန်းပွင့်များဆက်တိုက်သီးပွင့်သော မျိုးဖြစ်၍ ရင့်မှည့်ချိန်တွင် သီးတောင့်များအား (၃) ကြိမ်ခန့် ကောက်သိမ်းနိုင်သော ရေဆင်းပဲတီစိမ်း (၁၄)မျိုးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်လင်း၏ ပြောကြားချက်အရ သိရှိရသည်။
မောင်လွင်(ပြန်/ဆက်)


